နာပိုလီနည်းပြ ကွန်တီက အသင်းတိုက်စစ်မှူး လူကာကူအနေဖြင့် ၎င်းနှင့်ပြန်လည်လက်တွဲရန်အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ ကမ်းလှမ်းမှုများကို ငြင်းဆန်ပယ်ချခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူ (၃၁ နှစ်)သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကမှ ချယ်လ်ဆီးအသင်းမှ နာပိုလီအသင်းထံသို့ ယူရိုသန်း (၃၀) ဝန်းကျင်ဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။
၎င်းသည် နာပိုလီအသင်းတွင် အင်တာမီလန်တွင်ကစားစဉ်က အတူလက်တွဲခဲ့ဖူးသည့် နည်းပြ ကွန်တီနှင့်ပြန်လည်လက်တွဲခွင့်ရခဲ့သည်။
လူကာကူသည် ယခုရာသီတွင် နာပိုလီအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၉) ပွဲတွင် (၄)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်ထားသည်။
ကွန်တီက ''လူကာကူအပေါ် အများကြီး စာနာမိပါတယ်။ သူဟာ ကျွန်တော့်နဲ့အတူ အလုပ်တွဲလုပ်ဖို့အတွက် ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကိုတောင် ပယ်ချခဲ့တာပါ။ သူဟာ ဘာပဲဖြစ်ဖြစ် နာပိုလီအသင်းမှာ ကျွန်တော်နဲ့ ပြန်လည်လက်တွဲခွင့်ရဖို့ ကြိုးစားခဲ့တာပါ''ဟု ဆိုခဲ့သည်။
နာပိုလီအသင်းသည် စီးရီးအေပွဲစဉ် (၁၀) အပြီးတွင် (၈)ပွဲ နိုင်၊ (၁) ပွဲသရေ၊ (၁) ပွဲရှုံးဖြင့် ရမှတ်(၂၅) မှတ်ရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည်။
နာပိုလီအသင်းတွင် ၎င်းနှင့်ပြန်လည်လက်တွဲရန်အတွက် ပရီးမီးယားလိဂ်မှ ကမ်းလှမ်းမှုများကို လူကာကူ ပယ်ချခဲ့ကြောင်း အသင်းနည်းပြ ကွန်တီ ပြောကြား
Photo: X