တောင်ကိုရီးယားစစ်တပ်သည် မြောက်ကိုရီးယား၏ ပြုံယမ်းမြို့တော်တွင် ၀ါဒဖြန့် စာစောင်များကြဲချရန် ဒရုန်းတစ်စင်း စေလွှတ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများအရ သက်သေအထောက်အထား တွေ့ရှိခဲ့သည်ဟု မြောကကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက အောက်တိုဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
ထိုလုပ်ဆောင်ချက်သည် အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်သည်ဟုလည်း KCNA က ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယားသည် မြောက်ကိုရီးယား လေပိုင်နက်အတွင်းသို့ ဒရုန်းများ သုံးကြိမ်စေ လွှတ်ခဲ့ကြောင်း နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားက စွပ်စွဲခဲ့ပြီး တောင်ကိုရီးယားကမူ ထိုစွပ်စွဲချက်များ ကို ငြင်းဆိုခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံအတွင်း ပျက်ကျခဲ့သည့် ရန်သူဒရုန်းတစ်စင်း၏ အပျက်အစီး အပိုင်းအစများထံမှ ထိန်းချုပ်သည့် အစိတ်အပိုင်းတစ်ခုကို မြောက်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနက ဖြုတ်သိမ်းခဲ့ပြီးနောက် ထိုဒရုန်း၏ ပျံသန်းမှုအစီအစဉ်နှင့် ခရီးစဉ်မှတ်တမ်းကို လေ့လာခဲ့့သည်ဟု ဆိုသည်။
ထိုလေ့လာချက်အရ ROK စစ်တပ်၏ လူဆိုးဂိုဏ်းဝင်များ၏ ဒရုန်းသည် DPRK ၏ မြို့တော်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း KCNA သတင်းအေဂျင်စီက တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံစလုံး၏ တရားဝင်အတိုကောက်အမည်များကို ရည်ညွှန်းပြောဆိုခဲ့သည်။
KCNA သတင်းအေဂျင်စီက ထုတ်ပြန်သည့် ဂရပ်ဖစ်ပုံတွင် တောင်ကိုရီးယား၏ ပင်ယွန်ကျွန်းပေါ်မှ စတင်လွှတ်တင်ခဲ့သည့် ဒရုန်းသည် ကိုရီးယားကျွန်းဆွယ်၏ အနောက်ပင်လယ်ကို ဖြတ်သန်းခဲ့ပြီးနောက် ပြုံယမ်းမြို့တော်တွင် ဆင်းသက်သည့် ခရီးစဉ်လမ်းကြောင်းကို ပြသထားသည်။
ပင်ယွန်ကျွန်းသည် တောင်ကိုရီးယား၏ အနောက်ဘက်စွန်းနယ်စပ်ရှိ ကျွန်းဖြစ်ပြီး မြောက်ကိုရီးယားနှင့် ပိုမိုနီးကပ်စွာတည်ရှိသည့် ကျွန်းဖြစ်သည်။
တောင်ကိုရီးယား၏ အန္တရာယ်များပြီး အဆင်အခြင်မရှိသည့် နိုင်ငံရေးနှင့်စစ်ရေး ရန်စမှုသည် သည်းခံနိုင်မှု အတိုင်းအတာ ထက်ကျော်လွန်နေကြောင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆို ခွင့်ရှိသူက နောက်တစ်ကြိမ် အလေးအနက်ထားပြီး သတိပေးခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
အကယ်၍ နောက်တစ်ကြိမ် ယခုကဲ့သို့ ကျူးကျော်မှုမျိုး ဖြစ်ပွားမည်ဆိုပါက တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ ညှာတာမှုမရှိသည့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထာဝရပျောက်ကွယ်သွား လိမ့်မည်ဟု KCNA က ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျုံကလည်း မြောက်ကိုရီးယားသည် တောင်ကိုရီးယားဘက်သို့ ဒရုန်းများ စေလွှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။သို့သော် ထိုဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမည်ဆိုပါက တောင်ကိုရီးယားကို ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟုလည်း ကင်ယိုဂျုံက ပြောကြားခဲ့သည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကမူ တောင်ကိုရီးယားသည် ဒရုန်းများ စေလွှတ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သော်လည်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ကမူ မြောက်ကိုရီးယား၏ စွပ်စွဲချက်များကို အမှား၊ အမှန် အတည်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။
Ref:AFP