ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်အတွင်း ရွှေဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး အတွက် နေ့စဉ်ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ သတ်မှတ်ထုတ်ပြန်ရန် "ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေး ကော်မတီ” ကို
အမိန့်ကြော်ငြာစာအမှတ် ၃၆ /၂၀၂၄ ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက် (၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်စွဲဖြင့် ဖွဲ့စည်းလိုက်သည်။ ဥက္ကဌအဖြစ် ဒုတိယဝန်ကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တာဝန်ယူမည်ဖြစ်သည်။
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က).. နိုင်ငံတော်အတွင်း ရွှေဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် ၁၉၆၇ ခုနှစ်က ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ထုတ်ဝေသည့် တွက်ချက်မှုအမျိုးမျိုးနှင့် စံနှုန်း များ၌ပါရှိသော ဓာတ်သတ္တု(ရွှေ)အတွက် အသုံးပြုသည့် မြန်မာ့အလေးချိန်၊ နေ့စဉ် ကမ္ဘာ့ရွှေဈေးနှုန်း၊ အိမ်နီးချင်းနိုင်ငံများ၏ ရွှေဈေးနှုန်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း နှင့် ပြည်တွင်းရွှေဈေးကွက်အခြေအနေတို့ကို အခြေခံ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထုတ်ပြန်သည့် ငွေလဲလှယ်နှုန်းဖြင့် စိစစ်တွက်ချက်ထားသော မြန်မာနိုင်ငံအတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးကို ကော်မတီဝင်အနည်းဆုံး လေးပုံသုံးပုံတက်ရောက်၍ နေ့စဉ် Online Virtual Meeting ပြုလုပ်ပြီး အတည်ပြုသတ်မှတ်ထုတ်ပြန်ခြင်း၊
( ခ ) ရွှေလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသော ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးနှုန်း သတ်မှတ်ရေးလုပ်ငန်းအဖွဲ့မှ နေ့စဉ်တင်ပြလာသည့် ရွှေဈေးနှုန်းကို ထည့်သွင်း စိစစ်ဆောင်ရွက်ခြင်း၊
( ဂ ) အပိုဒ်ခွဲ(က)အရ နေ့စဉ်တွက်ချက်ထုတ်ပြန်သည့် ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး အား အများပြည်သူသိရှိနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ဆောင်ရွက်ခြင်း၊
(ဃ) ကမ္ဘာ့ရွှေဈေးနှုန်း ထူးခြားသိသာစွာပြောင်းလဲမှုများဖြစ်ပေါ်လာပါက ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးကို အပိုဒ်ခွဲ(က)ပါအတိုင်း အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းသတ်မှတ် ထုတ်ပြန်ခြင်း၊
( င ) လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်း၊
( စ ) နိုင်ငံတော်အတွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်ပေါ်စေရန် ရည်ရွယ်လုပ်ဆောင်မှု များကို ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးနှုန်းသတ်မှတ်ထုတ်ပြန်၍ ကာကွယ်တားဆီး ခြင်းနှင့် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဆ) လိုအပ်ပါက မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အပါအဝင် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက် များရယူဆောင်ရွက်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်သည်။