ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် အိန္ဒိယနိုင်ငံမှအနုပညာရှင်များ၏ လက်ရာများကို ပြသထားသည့် ''ရာမယဏပန်းချီအနုပညာပြပွဲ" ပြုလုပ်

ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် အိန္ဒိယနိုင်ငံမှအနုပညာရှင်များ၏ လက်ရာများကို ပြသထားသည့် ''ရာမယဏပန်းချီအနုပညာပြပွဲ" ပြုလုပ်
Published 13 November 2024

ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် အိန္ဒိယနိုင်ငံမှအနုပညာရှင်များ၏ လက်ရာများကို ပြသထားသည့် ''ရာမယဏပန်းချီအနုပညာပြပွဲ" ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီမှ ပေးပို့လာသည့် အိန္ဒိယအနုပညာရှင်များ၏ အနုပညာလက်ရာများကို အိန္ဒိယသံရုံး၊ ဆွာမိ၀ိဝေကနန္ဒယဉ်ကျေးမှု စင်တာက နိုဝင်ဘာ ၈ ရက်မှ ၁၅ ရက်ထိ အခမဲ့ ခင်းကျင်းပြသထားသည်။

အဆိုပါ အမျိုးသားပြတိုက်တွင် ပြသထားသည့် ပန်းချီအနုပညာပြပွဲသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ပြည်သူချင်း ဆက်ဆံရေး ပိုမိုခိုင်မာစေရန်နှင့် နှစ်နိုင်ငံအပြန်အလှန် နားလည်မှုပိုမိုနက်ရှိုင်းကာ အနုပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေးကို ရည်ရွယ်ကြောင်း သိရသည်။

''ရာမယဏပန်းချီအနုပညာပြပွဲ" တွင် ပန်းချီကား (၃၂)ချပ်၊ ပန်းပုလက်ရာ(၆) ခုနှင့် ရုပ်သေးရုပ် (၁၈)ခုတို့ ပါဝင်ပြီး ၎င်းအနုပညာလက်ရာများသည် ရာမယဏ၏ ကျော်ကြားသော ဂန္တဝင်စာပေ ကျမ်းဂန်ဖြစ်မှု၊ ဆွဲ‌ဆောင်မှုရှိသော ဇာတ်ကွက်အပိုင်းများ၊ ၎င်း၏ရွှင်မြူးဖွယ်ရာ ဇာတ်လမ်းများနှင့် လေးနက်သော သွန်သင်ချက်များ ဖော်ပြထားပြီး ရိုးရာအစဉ်အလာနှင့် ခေတ်ပြိုင်အနုပညာလက်ရာများကို ဆန်းသစ်သော အမြင်နှင့်ချိတ်ဆက် ဖော်ကြူးထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Abhay Thakur သည် နိုဝင်ဘာ ၁၂ ရက်က အဆိုပါပန်းချီ အနုပညာပြပွဲသို့ လာရောက်ကြည့်ရှု အားပေးသည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ထင်ရှားသော ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်မှပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်များ၊ အိန္ဒိယနိုင်ငံ၏ မိတ်ဆွေများနှင့် အိန္ဒိယအသိုက်အဝန်းအဖွဲ့ဝင်များအပါအဝင် ယင်းအနုပညာပြပွဲသို့လာရောက်သူများကို ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Abhay Thakur " ပထမဆုံးအနေနဲ့ ဒီပန်းချီအနုပညာပြပွဲကို တက်ရောက်အားပေး ချီးမြှင့်ကြတဲ့ မြန်မာနိုင်ငံမိတ်ဆွေအားလုံးကို ကျွန်တော်အနေနဲ့ ကြိုဆိုပါတယ်။ ဒီပြပွဲဟာ ယခင်ပြပွဲတွေနဲ့မတူဘဲ ကွာခြားပါတယ်။ ဒီပြပွဲဟာ ဒဏ္ဍာရီအရ ဘာသာရေးအရ ဆက်နွှယ်ပြီးတော့ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကို ဖော်ကြူးပါတယ်။ ဒီပန်းချီပြပွဲဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ ထင်ရှားကျော်ကြားတဲ့ လက်ရာအများစုကို ပြသထားပါတယ်။ တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ အခြားနိုင်ငံအများစုကို ရာမယဏဇာတ်တော်လာ ယဉ်ကျေးမှုဆိုင်ရာတွေကို သူတို့နိုင်ငံမှာရှိတဲ့ ထုံးတမ်းစဉ်လာတွေကို ကျင်းပကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ အိန္ဒိယနိုင်ငံကတော့ အရှင်ရာမနဲ့ ဗုဒ္ဓရဲ့မြေလို့ ကျွန်တော်တို့အနေနဲ့ ဖော်ကြူးလိုပါတယ်။ မြန်မာနိုင်ငံနဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုအရ ဆက်စပ်တဲ့ ကျွန်တော်တို့ အိန္ဒိယနိုင်ငံအနေနဲ့ ဒီပြပွဲကျင်းပခွင့်ရတဲ့အတွက်ကြောင့် အထူးပဲကျေးဇူးတင်ရှိပါတယ် '' ဟု သတင်းမီဒီယာများအား ဖြေကြားခဲ့သည်။

ရာမယဏဇာတ်တော်သည် ၎င်း၏လူအများ လက်ခံထားသည့် ယုံကြည်မှုစံတန်ဖိုးများ၊ ကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းအရာများ၊ အကျယ်တဝင့်ဖွင့်ဆိုထားသည့် ဇာတ်ကြောင်းများဖြင့် တောင်အာရှ၊ အရှေ့တောင် အာရှနှင့် နိုင်ငံတကာတွင်ကြီးမားသော ပဲ့တင်ထပ်မှုရှိပြီး ဒေသဆိုင်ရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ကွဲပြားသောနည်းလမ်းများဖြင့် ရောင်ပြန်ဟပ်လျက်ရှိသည်။

ထို့ပြင် အဓမ္မအပေါ် ဓမ္မ၏အောင်ပွဲ၊ မိသားစုတန်ဖိုးများအပေါ် အလေးထားမှုနှင့် အများသူငှာ ကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံမှုစသည့် သတင်းစကားများနှင့်အတူ ရာမယဏဇာတ်တော်သည် အိန္ဒိယနှင့် မြန်မာကြားတွင် တူညီသောတန်ဖိုးများအား မျှဝေခြင်းသင်္ကေတ တစ်ခုလည်းဖြစ်ကြောင်း အိန္ဒိယသံရုံး ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။