ဆက်တိုက်ရွာသွန်းနေသည့် မိုးကြောင့် ရန်ကုန်မြို့တွင် ရေကြီး‌ရေလျှံကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေ

ဆက်တိုက်ရွာသွန်းနေသည့် မိုးကြောင့် ရန်ကုန်မြို့တွင် ရေကြီး‌ရေလျှံကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေ
Published 22 October 2024

ဆက်တိုက်ရွာသွန်းနေသည့် မိုးကြောင့် ရန်ကုန်မြို့တွင် ရေကြီး‌ရေလျှံမှုများ ဖြစ်ပွားပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေ ကြောင်း ရန်ကုန်မြို့ခံများက ပြောကြားသည်။

အောက်တိုဘာ ၂၀ ရက် ညပိုင်းမှစတင်ကာ မိုးဆက်တိုက်ရွာသွန်း ‌နေသဖြင့် လတ်တလောတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

" မိုးက နားကို မနားဘူး။ အိမ်ထဲလည်း ရေကတော်တော်ကို ဝင်နေပြီ။ ဘာမှကိုလုပ်မရဘူး" ဟု ‌မြောက်ဒဂုံ မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများဖြစ်သည့် ကမ္ဘာအေး ဘုရားလမ်း၊ ဝေဇယန္တာလမ်း၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး အစရှိသည့် လမ်းများတွင်လည်း ရေကြီးမှုကြောင့် မော်တော် ယာဉ်များ သွားလာခြင်းမပြုနိုင်ဘဲ လမ်းပိတ်ဆို့မှုများဖြစ်ပွားနေ သည်။

" ဝေဇယန္တာလမ်းဆို ပါရမီမှတ်တိုင်နားကနေ သစ္စာလမ်း မီးပွိုင့်နား အထိ ရေလျှံနေလို့ ကားသွားမရဘူး" ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။

အလားတူ သမိုင်းလမ်းဆုံတွင်လည်း အချို့နေရာများမှာ ပေါင်လယ်အထိ ရေမြုပ်သည်ဟု ယင်းနေရာတွင် နေထိုင်သူ အချို့က ပြောကြားသည်။

"ရေက တချို့နေရာတွေ ပေါင်ထိ ရောက်ပါတယ်။ တချို့နေရာမှာ  ခြေမျက်စိ မြုပ်ပါတယ်" ဟု သမိုင်းလမ်းဆုံအနီးတွင် နေထိုင်သူ တစ်ဦးက ‌ပြောကြားသည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအား နည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပြီး ၎င်းသည် နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ အောက်တိုဘာ ၂၃ ရက်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး၊ အောက်တိုဘာ ၂၄ ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်- အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေ) သို့ ရောက်ရှိနိုင်‌ကြောင်း၊ အောက်တိုဘာ ၂၅ ရက်တွင် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ပြောင်းလဲကာ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့နှင့် ဆာဂါကျွန်း တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည် ။

လက်ရှိတွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ အရအရှိန်ကြောင့်အောက်တိုဘာ ၂၄ ရက်အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေ သကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ‌ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက် ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလက သတိပေးထား သည်။