ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅)တွင်  တက်ရောက်တာဝန်ထမ်းဆောင်မည့်သူများ သင်တန်းကျောင်းများသို့ ရောက်ရှိ

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅)တွင်  တက်ရောက်တာဝန်ထမ်းဆောင်မည့်သူများ သင်တန်းကျောင်းများသို့ ရောက်ရှိ
Published 5 September 2024

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅) တွင် တက်ရောက်တာဝန်ထမ်း ဆောင်မည့်သူများ သင်တန်းကျောင်းများသို့ ယနေ့(စက်တင်ဘာ ၄ ရက်)တွင် စတင်ရောက်ရှိလာကြောင်း သိရသည်။

ထိုသို့သင်တန်းတက်ရောက်ရန် ရောက်ရှိလာသည့် သင်တန်သားများကို သက်ဆိုင်ရာ တာဝန်ရှိသူများ ကြိုဆိုခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅/၂၀၂၄)သို့ တက်ရောက်မည့် သင်တန်းသားများအား ယနေ့(စက်တင်ဘာ ၄ ရက်)တွင် အနောက် တောင်တိုင်းစစ်ဌာနချုပ် တပ်နယ်စားကစားရုံ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅/၂၀၂၄)သို့ တက်ရောက်မည့် သင်တန်းသားများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြိုဆိုကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ရောက်ရှိနေသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅/၂၀၂၄)သို့ တက်ရောက်မည့် သင်တန်းသားများအား စက်တင်ဘာ ၃ ရက်က မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်နှင့်တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်(၄)အထိဖွင့်လှစ်ထားပြီးဖြစ်ကာပြည်သူ့စစ်မှုထမ်းအမှတ်(၁)သည် ဇွန်လ ၂၈ ရက်တွင် သင်တန်းဆင်းပြီးနောက် သင်တန်းသားများသည် တပ်မတော်တွင် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁)သင်တန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပြည် သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂) သင်တန်းကို မေ ၁၄ ရက်က လည်းကောင်း၊ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃)ကို  ဇွန် ၂၅ ရက်တွင်လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄)ကို သြဂုတ် ၅ ရက်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေ အမှတ်(၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ယင်းဥပဒေအား နစက က အသက်ဝင်စေခဲ့ခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှတ်စဉ်တစ်ခုတွင် သင်တန်းသား ၅၀၀၀ ခေါ်ယူမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် ကိုယ်လက်အင်္ဂါချို့ယွင်းသူများ၊ မျက်မြင်အနေအထားအရ သင်တန်းတက်ရောက်ရန် မကိုက်ညီသူများ၊ ဥပဒေအရ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့်ရွှေ့ဆိုင်းခွင့်ရရှိမည့်သူများအား ဆင့်ခေါ်ခြင်း မပြုမိစေရန်လိုအပ်ကြောင်း စက်တင်ဘာ ၃ ရက်က ကျင်းပသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် မျက်မြင်အားဖြင့် ပဏာမစိစစ်ရမည့် အချက်များကိုလည်း နေပြည်တော်ကောင်စီနှင့်တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေရေးဆွဲခြင်းကို အစည်းအဝေး အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ဗဟိုအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ အကြံပြုချက်များပေးပိုခဲ့မှုအပေါ် အပြန်ပြန် အလှန်လှန်စိစစ်သုံးသပ်၍ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ မူကြမ်းကိုရေးဆွဲခဲ့ရာ ယခုနောက်ဆုံး သတ္တမမူကြမ်းရရှိပြီး ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားထားသည်။

Most Read

Most Recent