ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် Toyota Hiace အမျိုးအစား ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံပြီး ယာဉ်မောင်းအပါအဝင် အမျိုးသား နှစ်ဦးသေဆုံးကာ ခရီးသည်ငါးဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် Toyota Hiace အမျိုးအစား ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံပြီး ယာဉ်မောင်းအပါအဝင် အမျိုးသား နှစ်ဦးသေဆုံးကာ ခရီးသည်ငါးဦး ထိခိုက်ဒဏ်ရာရ
Published 2 September 2024

သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာ ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် စက်တင်ဘာ ၁ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က Toyota Hiace အမျိုးအစား ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံပြီး ယာဉ်မောင်းအပါအဝင် အမျိုးသား နှစ်ဦး သေဆုံးကာ ခရီးသည်ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်နေ အသက် (၃၇) နှစ်အရွယ် ယာဉ်မောင်းကိုဖြိုးဝေကျော်ဆိုသူမောင်းနှင်ပြီး ယာဉ်နောက်လိုက်တစ်ဦးနှင့်အတူ ခရီးသည်အမျိုးသား သုံးဦးနှင့် အမျိုးသမီးရှစ်ဦး လိုက်ပါလာသည့် Toyota Hiace အမျိုးအစား ခရီးသည်တင်ယာဉ်တစ်စီးမှာ မြဝတီမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာစဉ် သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာ ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကားပေါ်မှာက ယာဉ်မောင်းရယ်၊ ယာဉ်နောက်လိုက်ရတယ်၊ ခရီးသည် ၁၁ ဦးရယ် လိုက်ပါလာကြတာလို့ သိရတယ်။ ခရီးသည်တွေက ပဲခူးတိုင်း သနပ်ပင်မြို့နယ်နဲ့ တာဝမြို့နယ်ထဲကသူတွေလို့ သိရတယ်။ ခရီးသည်တွေထဲမှ အသက်လေးလအရွယ်ကလေးငယ်တစ်ဦးနဲ့ အသက်လေးနှစ်အရွယ် ကလေးတစ်ဦးလည်း ပါလာကြတယ်။ ယာဉ်မောင်းဖြစ်သူ ကိုဖြိုးဝေကျော်နဲ့ ခရီးသည်တစ်ဦးဖြစ်တဲ့  ပဲခူးတိုင်းဒေသကြီး တာဝမြို့နယ်၊ မင်းရွာကျေးရွာနေ ကိုကျော်မျိုးသူကတော့ အခင်းဖြစ်တဲ့နေရာမှာဘဲ ပွဲချင်းပြီးသေဆုံးသွားကြတယ်” ဟု ပြောကြားသည်။

ထို့အပြင် ဒေါ်ခင်သန်းဝင် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကျွန်းကြီးအလယ်ပိုင်းနေ အသက် (၆၀) နှစ်အရွယ် ဒေါ်ခင်သန်းဝင်း၊ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကျွန်းကြီးအလယ်ပိုင်းနေ အသက် (၂၉) နှစ် မဖြူစင်မင်း၊ ပဲခူးတိုင်းဒေသကြီး တာဝမြို့နယ် မင်းရွာ အသက် (၃၁) နှစ်အရွယ် မရင်ရင်နွယ်၊ ပဲခူးတိုင်း သနပ်ပင်မြို့နယ် ဖရဲကျေးရွာနေ အသက် (၅၂) နှစ်အရွယ် ဒေါ်ချိုမာနှင့် မဝင်းဝင်းထွေး (၃၃) နှစ် ပဲခူးတိုင်း သနပ်ပင်မြို့နယ် ကျုံးချောင်းကျေးရွာနေ အသက် (၃၃) နှစ်ရွယ် မဝင်းဝင်းထွေးတို့ငါးဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး မဝင်းဝင်းထွေးရရှိထားသည့် ဒဏ်ရာများမှာ ပြင်းထန်သည်ဟုသိရကြောင်း ၎င်းဒေသခံက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သူများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအား သထုံအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များမှ လူနာတင်ယာဉ်များဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်များအတွင်း တံတားများမိုင်းခွဲခံရခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့်အပြင် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များလည်း ပစ်ခတ်ခံရခြင်း၊ မိုင်းဆွဲခံရခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်ကလည်း ရန်ကုန် - မော်လမြိုင်ကားလမ်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးရှိ မစောတံတားရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲအတွင်း အရပ်သားပြည်သူ နှစ်ဦး သေဆုံးကာ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent