စပါးအသင်းနှင့် ဆုဖလားများ ရယူလိုပြီး အသင်း၏ဂန္ထဝင်ကစားသမားဖြစ်လိုကြောင်း ဆွန်ဟောင်မင် ပြောကြား

စပါးအသင်းနှင့် ဆုဖလားများ ရယူလိုပြီး အသင်း၏ဂန္ထဝင်ကစားသမားဖြစ်လိုကြောင်း ဆွန်ဟောင်မင် ပြောကြား
Photo: AFP
Photo: AFP
Published 24 August 2024

 

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က မိမိအနေဖြင့် အသင်းနှင့်အတူ ဆုဖလားများ ရယူလိုပြီး အသင်း၏ဂန္ထဝင်ကစားသမားအဖြစ် ပရိသတ်များကို အမှတ်ရစေလိုကြောင်း ပြောကြားခဲ့သည်။ 

အသက် ၃၂ နှစ်အရွယ်ရှိ တောင်ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် ၂၀၁၅ ခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဂျာမန်ကလပ် လေဗာကူဆင် အသင်းမှ စပါးအသင်းထံသို့ ပေါင် ၂၂ သန်း ဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ ယခုရာ သီမှ ဆွန်ဟောင်မင်အတွက် စပါးအသင်းနှင့် ပရီးမီးယားလိဂ်တွင် ယှဉ်ပြိုင်ကစားသည့် ဆယ်ရာသီမြောက် ဖြစ်သည်။ 

ဆွန်ဟောင်မင်သည် စပါးအသင်းနှင့် ကိုးနှစ်ကျော်ကာလအတွင်း နည်းပြများစွာနှင့်လက်တွဲခဲ့ရသော်လည်း အသင်း၏အဓိကကစားသမားအဖြစ် တောက်လျှောက်အသုံးတော်ခံခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ဆွန်ဟောင်မင်သည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီက ပြင်သစ်ဂိုးသမား ဟူဂိုလိုရစ်နှင့် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းတို့ စပါးအသင်းမှ ထွက်ခွာသွားချိန်တွင် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ 

ဆွန်ဟောင်မင်သည် စပါးကစားသမားဘဝ ကိုးနှစ်ကျော်ကာလအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ ၄၀၉ ပွဲွတွင် ၁၆၂ ဂုုိး သွင်းယူထားသည်။ ဆွန်ဟောင်မင်သည် ၂၀၂၁- ၂၂ ရာသီတွင် လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာနှင့်အတူ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့သည်။ ထို့ုပြင် ဆွန်ဟောင်မင်အနေဖြင့် စပါးအသင်းတွင် ခြေစွမ်းပြနိုင်သောကြောင့် တစ်ဦးချင်းဆုတံဆိပ်များ ရယူနိုင်ခဲ့သော်လည်း အသင်းနှင့်အတူ ယခုအချိန်ထိ ဆုဖလား ရယူနိုင်ခြင်းမရှိသေးပေ။ 

ဆွန်ဟောင်မင်အနေဖြင့် စပါးအသင်းနှင့်အတူ ၂၀၂၀-၂၁ ရာသီလိဂ်ဖလား (Carabao Cup) ပြိုင်ပွဲတွင် ဗိုလ်လုပွဲရောက်ခဲ့ခြင်းနှင့် ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲရောက်ခဲ့ခြင်းတို့မှာ အကြီးမားဆုံး အောင်မြင်မှု ဖြစ်နေသည်။ ထို့ကြောင့် ဆွန်ဟောင်မင်က စပါးအသင်းမှထွက်ခွာချိန်တွင် အသင်းဂန္ထဝင်အဖြစ် သတ်မှတ်ခံရရန် အသင်းနှင့်အတူ ဆုဖလားများ ရယူလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဆွန်ဟောင်မင်က "ကျွန်တော့်ကိုယ် ကျွန်တော် ဒီ(စပါး)အသင်းရဲ့ ဂန္ထဝင်ကစားသမားအဖြစ် မြင်ကြည့်လို့ မရသေးပါဘူး။ ကျွန်တော့်ကို စပါးအသင်းရဲ့ဂန္ထဝင်လို့ခေါ် ဖို့ဆိုရင် ကျွန်တော့်အနေနဲ့ ဆုဖလားတစ်ခုခု ရယူနိုင်ဖို့ လိုတယ်ထင်ပါတယ်။ အဲဒီလိုဆို ရင်တော့ စပါးရဲ့ဂန္ထဝင်အဖြစ် ကျွန်တော် ပျော်ပျော်ကြီးအခေါ်ခံမှာပါ။ စပါးအသင်းကို ဆုဖလားတွေရယူဖို့အတွက် ကျွန်တော် ပြောင်းရွှေ့ခဲ့တာပါ။ ဒီရာသီမှာ ကျွန်တော်တို့ တစ်ခုခု လုပ်ပြနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent