၂၀၂၄-၂၀၂၅ ရာသီတွင် မြန်မာဘောလုံးသမား (၁၀)ဦးသာ ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားနေ

၂၀၂၄-၂၀၂၅ ရာသီတွင် မြန်မာဘောလုံးသမား (၁၀)ဦးသာ ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားနေ
Photo: CRUFC
Photo: CRUFC
Published 10 August 2024

 

ယခုရာသီတွင် မြန်မာဘောလုံးသမား (၁၀)ဦး ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားနေကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီတွင် မြန်မာဘောလုံးသမားများ၏ ပြည်ပထွက်ကစားနှုန်းမှာ ပြီးခဲ့သည့်ရာသီများထက် အနည်းငယ်ကျဆင်းသွားပြီး မြန်မာဘောလုံးသမား (၁၀)ဦးသာ သွားရောက်ကစားနိုင်ခြင်းဖြစ်သည်။ 

မြန်မာဘောလုံးသမားများအနေဖြင့် ထိုင်း၊ မလေးရှားနှင့် ကမ္ဘောဒီးယား ကလပ်အသင်းများတွင်သာ သွားရောက်ကစားနေခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီတွင် အင်ဒိုနီးရှားလိဂ်၌ သွားရောက်ကစားသူ နှစ်ဦးအထိရှိခဲ့သော်လည်း ယခုရာသီတွင်မူ လက်ရှိအချိန်ထိ ခေါ်ယူမှုမရှိသေးခြင်းဖြစ်သည်။ ပြည်ပထွက် ကစားနေသူများအနက် ထိုင်းလိဂ်-၁ ကလပ် အသင်းများတွင် (၄)ဦး၊ ထိုင်းလိဂ်-၂ ကလပ် အသင်းများတွင် နှစ်ဦး၊ ကမ္ဘောဒီးယား ပရီးမီးယားလိဂ်တွင် နှစ်ဦး၊ မလေးရှားစူပါလိဂ်တွင် နှစ်ဦး ကစားနေခြင်းဖြစ်သည်။

ထိုင်းလိဂ်-၁ ကလပ် အူထိုင်းထာနီအသင်းတွင် တိုက်စစ်မှူး အောင်သူ၊ လမ်ဖွန်ဝါရီယာအသင်းတွင် တောင်ပံတိုက်စစ်ကစားသမား မောင်မောင်လွင်၊ Rayong အသင်းတွင် ကွင်းလယ်ကစားသမား လွင်မိုးအောင်၊ ချင်းရိုင်ယူနိုက်တက် အသင်းတွင် တိုက်စစ်မှူး ဝင်းနိုင်ထွန်း၊ ထိုင်း လိဂ်-၂ ကလပ် ထရတ်အသင်းတွင် နောက်ခံလူ ဇော်မင်းထွန်း၊ ကန်ချာနာဘူရီအသင်းတွင် တိုက်စစ်မှူး သန်းပိုင်၊ မလေးရှားစူပါလိဂ်တွင် နီဂျီရီဆမ်ဘမ်လန်အသင်း၌ တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်၊ PDRM အသင်းတွင် ကွင်းလယ်ကစားသမား ကျော်မင်းဦး၊ ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် Tiffy Army အသင်းတွင် နောက်ခံလူ စိုးမိုးကျော်၊ နာဂါဝေါအသင်းတွင် တောင်ပံတိုက်စစ်ကစားသမား သီဟဇော်တို့ သွားရောက်ကစားနေခြင်းဖြစ်သည်။ 

ပြီးခဲ့သည့်ရာသီတွင် ပြည်ပထွက်ကစားခဲ့သူများအနက် နောက်တန်းအစွန်လူ ဟိန်းဖြိုးဝင်းသည် အသင်းဟောင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းတွင် ပြန်လည်ကစားနေပြီး တိုက်စစ်မှူး ကျော်ကိုကိုမှာမူ MNL League Cup ပြိုင်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်း၊ လက်ရှိကျင်းပနေသည့် MNL အမှတ်ပေး ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းတို့၌ ပြောင်းရွှေ့ကစားလျက်ရှိသည်။ 

တောင်ပံ ကစားသမား စည်သူအောင်နှင့် ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်မှာမူ လက်ရှိအချိန်အထိ အသင်းသစ်မရသေးကြောင်း သိရသည်။ ပြည်တွင်းလိဂ်မတိုင်မီ ကျင်းပသည့် MNL League Cup ပြိုင်ပွဲတွင် စည်သူအောင်က ရခိုင်ယူနိုက်တက်၊ မြတ်ကောင်းခန့်က အသင်းဟောင်း ရှမ်းယူနိုက်တက်အသင်းတို့တွင် ကာလတိုစာချုပ်ဖြင့် ကစားခဲ့သော်လည်း ပြည်ပထွက်ကစားခွင့်ရရန် ထပ်မံကြိုး ပမ်းနေခြင်းဖြစ်သည်။ 

မြန်မာဘောလုံးသမား အချို့မှာမူ ပြည်ပကလပ်များတွင် သွားရောက်ကစားခွင့်ရရန် ကြိုးပမ်းလျက်ရှိပြီး ထိုင်းလိဂ် ရာသီကြိုအပြောင်းအရွှေ့ကာလ မပိတ်သိမ်းမီ ကြိုးစားနေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးတစ်ဦးဖြစ်သူ အောင်ကောင်းမာန် မှာလည်း ထိုင်းလိဂ်- ၁ သို့ တန်းတက်ခွင့်ရခဲ့သည့် နာခွန်ရတ်ချာစီမာအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းသစ်ရှာဖွေနေသော်လည်း သဘောတူညီမှုမရသေးကြောင်း သိရသည်။ မြန်မာဘောလုံးသမားများသည် ပြီးခဲ့သည့်နှစ်အနည်းငယ်တွင် ပြည်ပထွက်ကစားမှုနှုန်း သိသိသာသာမြင့်တက်ခဲ့သော်လည်း ယခုရာသီတွင်မူ အရေအတွက် ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ 

Most Read

Most Recent