ဆိုစီဒက်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီကို ခေါ်ယူရန် ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့သည့် လီဗာပူးလ်အသင်းအား မည်သည့်ကစားသမားမှ မလာချင်သည့်အသင်းဟု စပိန်မီဒီယာများ လှောင်ပြောင်

ဆိုစီဒက်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီကို ခေါ်ယူရန် ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့သည့် လီဗာပူးလ်အသင်းအား မည်သည့်ကစားသမားမှ မလာချင်သည့်အသင်းဟု စပိန်မီဒီယာများ လှောင်ပြောင်
Photo: Daily Mail
Photo: Daily Mail
Published 17 August 2024

 

ဆိုစီဒက်အသင်းမှ စပိန်လက်ရွေးစင် ကွင်းလယ်အဖျက်ကစားသမား ဇူဘီမန်ဒီ ကို ခေါ်ယူရန်ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့သည့် ပရီးမီးယားလိဂ်ထိပ်သီး လီဗာပူးလ်အသင်းအား မည်သည့်ကစားသမားမှ မလာချင်သည့်အသင်းဖြစ်သည်ဟု စပိန်မီဒီယာ များက လှောင်ပြောင်ရေးသားခဲ့ကြသည်။ 

လီဗာပူးလ်အသင်းသည် ယူရို ၂၀၂၄ ချန်ပီယံ စပိန်လက်ရွေးစင်အသင်းတွင် ခြေစွမ်းပြခဲ့သည့် ဆိုစီဒက်ကွင်းလယ်အဖျက်ကစားသမား ဇူဘီမန်ဒီအား ခေါ်ယူရန်ကြိုးပမ်းခဲ့သည်။ ဥရောပမီဒီယာများ၏ဖော်ပြချက်အရ ဇူဘီမန်ဒီသည် လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့မည်ဟု ကတိပေးခဲ့သော်လည်း နောက်ဆုံးတွင် ၎င်း၏ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ကာ ပရိုကစားသမားဘဝ စတင်ခဲ့သည့် ဆိုစီဒက်အသင်းတွင် ဆက်ကစားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လီဗာပူးလ်အသင်းသည် ၎င်းတို့၏ လိုအပ်ချက်ဖြစ်သည့် ကွင်းလယ်အဖျက်ကစားသမားတစ်ဦး ခေါ်ယူရန် ဆက်လက်ကြိုးပမ်းနေရဆဲဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် လက်ရှိတွင် ဆိုစီဒက်ကွင်းလယ်အဖျက်ကစားသမား ဇူဘီမန်ဒီ၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသလို ယခင်ကလည်း နာမည်ကျော်ကစားသမားများကို ခေါ်ယူရန်ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။ စပိန်မီဒီယာများသည် ပြီးခဲ့သည့်နှစ်များတွင် လီဗာပူးလ်အသင်းအနေဖြင့် ပစ်မှတ်ကစားသမားများကို ခေါ်ယူရန် မအောင်မြင်ခြင်းကို ထောက်ပြကာ လီဗာပူးလ်အသင်းသို့ မည်သည့်ကစားသမားမှ မလာလိုကြကြောင်း လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်နှစ်များတွင် ချူယာမန်နီ၊ ကိုင်စီဒို၊ လာဗီယာ၊ ဘယ်လင်ဂမ်တို့လို နာမည်ကျော် ကစားသမားများကို ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။ 

လီဗာပူးလ်အသင်းသည် ၂၀၂၂ နွေရာသီတွင် မိုနာကိုအသင်းမှ ပြင်သစ်ကွင်းလယ်အဖျက်ကစားသမား ချူယာမန်နီအား ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမားက ရီးယဲလ်မက်ဒရစ်အသင်းကိုသာ ရွေးချယ်ခဲ့သည်။ ထို့ပြင် လီဗာပူးလ်အသင်းသည် ပြီး ခဲ့သည့် ၂၀၂၃ နွေရာသီတွင် ဘရိုက်တန်အသင်းမှ ကွင်းလယ်အဖျက်ကစားသမား ကိုင်စီဒိုနှင့် ဆောက်သမ်တန်အသင်းမှ လူငယ်ကွင်းလယ်အဖျက်ကစားသမား လာဗီယာတို့အား ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမားနှစ်ဦးစလုံးသည် ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့ကြသည်။ 

လီဗာပူးလ်အသင်းအနေဖြင့် ဘယ်လင်ဂမ်၊ အန်ဇိုဖာနန်ဒက်ဇ်တို့ကို ခေါ်ယူရန်ပစ်မှတ်ထားခဲ့သော်လည်း ဘယ်လင်ဂမ်က ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့သွားခဲ့ပြီး အန်ဇိုဖာနန်ဒက်ဇ်မှာ ချယ်လ်ဆီးအသင်းထံသို့ ပြောင်းရွှေ့သွားခဲ့သည်။ ထို့ကြောင့် နာမည်ကျော် စပိန်အားကစားသတင်းစာ AS က လီဗာပူးလ်အသင်းကို ငြင်းပယ်ခဲ့သည့်ကစားသမားများကို ဖော်ပြကာ လီဗာပူးလ်အသင်းသို့ မည်သည့်ကစားသမားမှ မလာလိုကြကြောင်း ရေးသားခဲ့သည်။ 

AS သတင်းစာသည် ယင်းဆောင်းပါးတွင် ယခုနွေရာသီတွင် ကစားသမားသစ်တစ်ဦးမှ ခေါ်ယူနိုင်ခြင်းမရှိသေးသည့် လီဗာပူးလ်အသင်း၏အဖြစ်ကို ဦးစားပေးဖော်ပြခဲ့ကြောင်းလည်း သိရှိရသည်။ အခြားစပိန်မီဒီယာများကလည်း အဓိကပစ်မှတ်ကစားသမားများကို ခေါ်ယူနိုင်ခြင်းမရှိသည့် လီဗာပူးလ်အသင်းကို လှောင်ပြောင်ခဲ့ကြကြောင်း သိရှိရသည်။ 

လီဗာပူးလ်အသင်းသည် ဇူဘီမန်ဒီအား စာချုပ်လျော်ကြေး ပေါင် ၅၂ သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ကစားသမားက ဆိုစီဒက်အသင်းမှထွက်ခွာလိုခြင်းမရှိသည့်အတွက် ငြင်းပယ်ခဲ့ကြောင်း သိရသည်။ လီဗာပူးလ်အသင်းသည် ယခုနွေရာသီအ ပြောင်းအရွှေ့မပိတ်မီ ထိပ်တန်းကွင်းလယ် အဖျက်ကစားသမားတစ်ဦး ခေါ်ယူရန်ကြိုးပမ်းနေသော်လည်း အောင်မြင်ဖွယ်မရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

Most Read

Most Recent