MNDAA အဖွဲ့က လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံကို ပစ်ခတ်တိုက်ခိုက်ရာတွင် ဆေးရုံ၌ဆေးကုသမှု ခံယူနေသည့်ဒေသခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ သေဆုံးမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း မန္တလေးမြို့ရှိ ကိုးကန့်တိုင်းရင်းသားများ သဘောထားထုတ်ပြန်

MNDAA အဖွဲ့က လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံကို ပစ်ခတ်တိုက်ခိုက်ရာတွင် ဆေးရုံ၌ဆေးကုသမှု ခံယူနေသည့်ဒေသခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ သေဆုံးမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း မန္တလေးမြို့ရှိ ကိုးကန့်တိုင်းရင်းသားများ သဘောထားထုတ်ပြန်
Published 9 August 2024

MNDAA အဖွဲ့က လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံကိုပစ်ခတ်တိုက်ခိုက်ရာတွင် ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့်ဒေသခံများ၊  ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ သေဆုံးမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း မန္တလေးမြို့ရှိ ကိုးကန့်တိုင်းရင်းသားများက သြဂုတ် ၉ ရက်တွင် သဘောထားထုတ် ပြန်သည်။

မန္တလေးမြို့ရှိ ကိုးကန့်တိုင်းရင်းသားများ၏ ထုတ်ပြန်ချက်တွင် MNDAA အဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ပြန်လည်ဝင်ရောက်လာခြင်းသည် Online လောင်းကစား(ကျားဖြန့်) လိမ်လည်မှုလုပ်ငန်းများကို တိုက်ဖျက်ရှင်းလင်းရေးနှင့် ကိုးကန့်ကျေးလက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ အဆင်ပြေစေရန်ဆောင်ရွက်မည့်အကြောင်MNDAA အဖွဲ့၏ ကြေညာချက်ထုတ်ပြန်ထားရှိခြင်းကို ကြားသိခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် MNDAA အဖွဲ့သည် နယ်မြေကျူးကျော် စစ်ဆင်အကြမ်းဖက်သည့်လုပ်ရပ်များကိုအခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များပါဝင်လျက် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေဒေသများ၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေ၍ လားရှိုးမြို့အတွင်းတိုက်ပွဲများ ဖော်ဆောင်ပြီးစစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံအား ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော အပြစ်မဲ့ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ လူကြီးနှင့် ကလေးသူငယ်များ သေဆုံးခဲ့ရပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့ပြင် ယခုအချိန်အခါတွင် ထောင်ပေါင်းများစွာသော ဒေသခံတိုင်းရင်းသား ပြည်သူများနှစ်ပေါင်းကြာရှည်စွာ စုဆောင်းရှာဖွေခဲ့ရသည့် နေအိမ်စည်းစိမ်ဥစ္စာပစ္စည်းများကို စွန့်ခွာ၍ အခြားမြို့များသို့ စစ်ဘေးတိမ်းရှောင် နေရသည့်ဘဝကို နေ့စဉ်နှင့်အမျှဝမ်းနည်းကြေကွဲဖွယ်ရာအဖြစ် တွေ့မြင်နေကြောင်းနှင့် MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တို့၏ အကြမ်းဖက် လုပ်ရပ်များအားလုံးဝ(လုံးဝ)ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မန္တလေးမြို့ရှိ ကိုးကန့်တိုင်းရင်းသားများက ထုတ်ပြန်သည်။

၁၉၆၇ ခုနှစ်နောက်ပိုင်း ကိုးကန့်ဒေသနယ်မြေ အေးချမ်းမှုမရှိခြင်းကြောင့် အချို့သော ကိုးကန့်တိုင်းရင်းသား မိသားစုများတို့သည် အေးချမ်းတည်ငြိမ်မှုရှိသော လားရှိုး၊ မန္တလေး၊ ရန်ကုန်စသည့် အခြားမြို့များတွင် နှစ်ပေါင်းများစွာကတည်းက ရောက်ရှိနေထိုင်လျက်ရှိကြောင်း၊အခြားသော တိုင်းရင်းသားမိသားစုများနှင့်အတူ သာရေး၊ နာရေး၊ လူမှုရေး အသင်းအဖွဲ့များတွင် အတူတကွပါဝင်ကူညီလျက်ရှိပြီး အမျိုးဘာသာ သာသနာနှင့် လူမှုရေးကိစ္စအဝဝတွင် လူမျိုးမရွေး ဘာသာမရွေး တတ်စွမ်းသမျှ ကူညီပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပါသည်။ မည်သည့်နိုင်ငံရေး အဖွဲ့အစည်းများတွင် ပါဝင်ပတ်သက်ခြင်း မရှိဘဲ နိုင်ငံတော်အပေါ် သစ္စာရှိရှိ အစဉ်အမြဲ ခံ ယူပြီး ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်လျက်ရှိကြောင်းနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အမြန်ဆုံးအေးချမ်းပါစေဟု မန္တလေးမြို့ရှိ ကိုးကန့်တိုင်းရင်းသားများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။