■ ကာနယ်စလေဒင်၊ မြန်မာ့လွတ်လပ်ရေးဆုံးရှုံးမှုနှင့် ဒေသဆိုင်ရာ စစ်ပွဲများ၏ စစ်မျက်နှာစာ

■ ကာနယ်စလေဒင်၊ မြန်မာ့လွတ်လပ်ရေးဆုံးရှုံးမှုနှင့် ဒေသဆိုင်ရာ စစ်ပွဲများ၏ စစ်မျက်နှာစာ
Published 8 August 2024

ကာနယ်စလေဒင်၊ မြန်မာ့လွတ်လပ်ရေးဆုံးရှုံးမှုနှင့် ဒေသဆိုင်ရာ စစ်ပွဲများ၏ စစ်မျက်နှာစာ

၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီးတွင် မြန်မာတစ်နိုင်ငံလုံးသည် ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့ရသည်။ ယင်းစစ်ပွဲမတိုင်မီ အင်္ဂလိပ်တို့သည် အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ထားပြီး အထက်မြန်မာနိုင်ငံကို ဆက်လက်သိမ်းပိုက်ရန် ပြင်ဆင်ခဲ့ပြီး ၁၈၈၅ ခုနှစ်တွင် ဖြစ်ပွားသော ဘုံဘေဘားမား သစ်ကုမ္ပဏီ၏ သစ်ခိုးမှုနှင့်ပတ်သက်၍ မြန်မာဘုရင်၏ ဒဏ်ရိုက်မှုအပေါ် အကြောင်းပြကာ တတိယ အင်္ဂလိပ်-မြန်မာ ကျူးကျော်စစ် ဆင်နွှဲပြီး တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့သည်။

အင်္ဂလိပ်သစ်ကုမ္ပဏီက မြန်မာပိုင် သစ် ရှစ်သောင်းကျော် ထုတ်ယူပြီး သုံးသောင်းကျော်သာ စာရင်းပြသည့် အတွက် နှစ်ဖက်စစ်ဆေးချက်အရ ပေါ်ပေါက်ရာ ဘုံဘေဘားမားကုမ္ပဏီအနေဖြင့် တန်ဖိုးငွေ ၂၃ သိန်းကျော် ပေးလျော်ရန် မြန်မာအစိုးရက ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် အင်္ဂလိပ်နှင့် မသင့်မမြတ် မဖြစ်လိုသည့်အတွက် ပေးလျော်ရန်ရှိသည့် သစ်ဖိုးငွေ ၂၃ သိန်းကျော်ကို တောင်းခံခြင်းမပြုဘဲ မြန်မာဘက်က လွတ်ငြိမ်းခွင့်ပြုလိုက်သော်လည်း အင်္ဂလိပ်တို့ ဘက်မှ ကာနယ်စလေဒင်ကိုလွှတ်၍ ရာဇသံဆန်သည့် တောင်းဆိုချက်များကို မြန်မာထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ အဓိက အချက်ငါးချက်အဖြစ် (၁) သစ်အမှု ထပ်မံစစ်ဆေးရန်၊ အင်္ဂလိပ်အစိုးရကိုယ်စားလှယ် စေလွှတ်ရန်၊ ဆိုက်ရောက်သည့်အခါ မြန်မာဘုရင်ရှေ့တော်သို့ ဆောင်ဓားဆွဲကိုင်၊ ဖိနပ်စီးနင်းဝင်ရောက်ပြီးမှ နှစ်ဖက်အရာရှိတို့ စီရင်ဆုံးဖြတ်ရန်၊ (၂) မြန်မာတွင်ထားမည့် အင်္ဂလိပ်ကိုယ်စားလှယ်ကို အိန္ဒိယဘုရင်ခံချုပ်နှင့်ထပ်တူ ဂုဏ်သရေ ပေး ကမ်းရိုသေရန်၊ (၃) မြန်မာတွင်ထားမည့် ယင်းကိုယ်စားလှယ်မှာ ဧရာဝတီမြစ်ဆိပ်တွင် အုတ်ဝင်းကာရံ နေထိုင်စေ၍ တိုက်သင်္ဘောနှင့် စစ်သားတစ်ထောင် အစောင့်ထားရန်၊ (၄) အင်္ဂလိပ်အစိုးရက တရုတ်ပြည် လမ်းဖောက်သည်ကို မြန်မာအစိုးရက ကူညီရန်၊  (၅) မြန်မာနှင့် အခြားနိုင်ငံဆက်ဆံလိုလျှင် အင်္ဂလိပ်အစိုးရ သဘောတူမှ ဆက်ဆံရန်တို့ဖြစ် ပြီး ယင်းအချက်များကို ခုနစ်ရက်အတွင်း ပြန်ကြားစေရန် အနိုင်အထက်ပြု တောင်းဆိုခဲ့သည်။ ယင်းကာလတွင် မြန်မာအနေဖြင့် အဘက်ဘက်မှ အင်အားနည်းနေချိန်လည်းဖြစ်ရာ အင်္ဂလိပ်တို့၏ မတရားတောင်းဆိုသည့် အချက် (၁) မှ(၄) အထိကို လက်ခံပေးခဲ့သည့်ကြားမှပင် မကျေနပ်ဘဲ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် နယ်စပ် မျဉ်းနားအထိ ရောက်ရှိ၍ အသင့်ပြင်ဆင်ထားသည့် ဗြိတိသျှစစ်တပ်သည် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် စစ် အောင်ခန်း ခံကတုတ်ကို စတင်တိုက်ခိုက်ပြီး တတိယ ကျူးကျော်စစ်ကို ဆင်နွှဲခဲ့သည်။ ဗြိတိသျှတပ်သည် အင်အား အလုံးအရင်းဖြင့် ဧရာဝတီမြစ်ကြောတစ်လျှောက် ဆန်တက်ကာ မြန်မာ ခံတပ်အချို့ကို တိုက်ခိုက်သိမ်းပိုက်၍ မြန်မာ ဘက်မှ လက်နက်ချမှုများနှင့်အတူ စစ်စတင်ပြီး ၁၅ ရက်အကြာ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် သီပေါမင်းနှင့် မိဖုရား စုဖုရားလတ်တို့ကို ရတနာဂီရိသို့ ဖမ်းဆီးခေါ်ဆောင်ပြီး တတိယ အင်္ဂလိပ်-မြန်မာစစ် ပြီးဆုံးခဲ့သည်။ ယင်းမှ စ၍ မြန်မာတို့သည် ၁၉၄၈ ခုနစ်အထိ နှစ်ပေါင်း ၆၀ ကျော် ဗြိတိသျှကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ရသည်။

လက်ရှိအချိန်တွင် တရုတ်ကြောထောက်နောက်ခံပြုသော MNDAA အပါအဝင် မြောက်ပိုင်းအဖွဲ့များအနေဖြင့် တိုင်းစစ်ဌာနချုပ်ရှိသည့် လားရှိုးမြို့၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့များကို တိုက်ခိုက်၍ မန္တလေးမြို့အထိ ခြိမ်း ခြောက်လာနေသည့် ဖြစ်စဉ်များသည် မြန်မာအပေါ် အထက်ကဖော်ပြခဲ့သည့် ဗြိတိသျှကိုလိုနီပြုမှုဖြစ်စဉ်နှင့် တိုက် ရိုက်သက်ဆိုင်မှု မရှိသော်လည်း အရှေ့မြောက်ပိုင်း Proxy စစ်ပွဲသည် မြန်မာနိုင်ငံ၏အချုပ်အခြာနှင့် လွတ်လပ်ရေးကို ထိခိုက်ဆုံးရှုံးရနိုင်သည့် အခြေအနေသို့ တဖြည်းဖြည်း ရောက်ရှိလာနေသည့်အချက်မှာ အမှန်ပင်ဖြစ်သည်။

မြောက်ပိုင်းအဖွဲ့များက တိုက်ပွဲများဖော်ဆောင်၍ နယ်မြေများသိမ်းယူနေမှုနှင့် တစ်ပြိုင်နက်တွင် ယနေ့ (သြဂုတ် ၈ ရက်) ၌ ကူမင်းတွင် တရုတ်၏စီစဉ်မှုဖြင့် ဟိုင်ဂင်ဆွေးနွေးပွဲပြုလုပ်ရန် ပြင်ဆင်စောင့်ဆိုင်းလျက်ရှိသည်။ မြန်မာအစိုးရ ဘက်ကလည်း လက်ရှိတွင် အချုပ်အခြာအာဏာ ဆုံးရှုံးနိုင်သည့် အခြေအနေမျိုးရှိသဖြင့် ဟိုင်ဂင်ဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိသည့်အချိန်တွင် တရုတ်၏ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက သြဂုတ် ၈ ရက်တွင် မြန်မာနိုင်ငံသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်ကို တွေ့ရသည်။ ယခင်ကိုယ်စားလှယ်ဟောင်း ဆွန်းကော့ရှန်၏နေရာတွင်  အစားထိုးဝင်ရောက်လာသော တိန့်ရှီကျွင်းသည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။ ထို့ပြင် ၂၀၂၃ ခုနှစ် မတ် ၆ ရက်၊ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်၊ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်၊ ၂၀၂၄ ခုနှစ် ဇွန် ၁၈ ရက်တို့တွင်လည်း မြန်မာသို့ ရောက်ရှိခဲ့ပြီး နစကဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး စသဖြင့် မြန်မာအစိုးရအကြီးအကဲများနှင့် တွေ့ဆုံမှုများ ဆက် တိုက်ပြုလုပ်ခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် NCA နှစ်ပတ်လည်ပွဲကို နေပြည်တော်၌ပြုလုပ်ပြီး တိန့်ရှီကျွင်းတက်ရောက်ခဲ့ပြီး ယင်းပွဲအပြီး ၁၀ ရက်ကျော်အကြာတွင် မြောက်ပိုင်းအဖွဲ့၏ ၁၀၂၇ ခုနှစ် စစ်ဆင်ရေး စတင်ခဲ့သည်။

ထို့နောက်တွင် တိန့်ရှီကျွင်းနှင့် မြန်မာအစိုးရအကြား တွေ့ဆုံမှုများအပေါ် အများကစောင့်ကြည့် အကဲခတ်မှု များရှိလာခဲ့ပြီး ၎င်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးနောက်တွင် မြန်မာပြည်တွင်း၌ တိုက်ပွဲများ ကျယ်ပြန့်လာကာ မြောက်ပိုင်းသုံးဖွဲ့နှင့် ပူးပေါင်းအဖွဲ့များ၏ တိုက်ပွဲဖော်ဆောင်လာမှုများသည် နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာ ဆုံးရှုံးရနိုင်သည်အထိ စိုးရိမ်စရာဖြစ်လာသည်ကို တွေ့ရသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဟုအမည်ပေးကာ တရုတ် ကျောထောက်နောက်ခံပြု MNDAA နှင့် ပူးပေါင်း အဖွဲ့များ၏ တိုက်ပွဲဖော်ဆောင်မှုများသည် စီးပွားရေးအရ ဒုတိယမြို့တော်ဟုဆိုရမည့် မန္တလေးကိုပါ ၀ိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်သည့် အနေအထားမျိုးအထိ ရှိလာခဲ့သည်။

ထိုသို့သောအခြေအနေမျိုးတွင် တိန့်ရှီကျွင်းလာရောက်ခြင်းသည် မြန်မာအပေါ် ကာနယ်စလေဒင်ကဲ့သို့ မည် သည့်သဘောထားမှတ်ချက်နှင့် မည်သို့သော ရာဇသံများပါလာနိုင်သည့်အချက်ကို တိတိကျကျ မသိရှိရပေ။ မြောက်ပိုင်းသုံးဖွဲ့နှင့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် မန္တလေး၊ နေပြည်တော် စသော မြို့များကို တိုက်ခိုက်မှုများ ပြုလုပ်ဖွယ် ရှိသည်ဆိုသည့် အသံများ ထွက်ပေါ်လာသည့်အပြင် တရုတ်ကျောထောက်နောက်ခံပြု မြောက်ပိုင်းမဟာမိတ်အဖွဲ့ များသည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းနယ်မြေများအထိပါ စစ်ရေးအရ ချဲ့ထွင်လာမှုရှိနေသည်ကိုလည်း တွေ့ရသည်။ MNDAA အနေဖြင့် သီပေါမှ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းလားနှင့် ‘၀’ အဖွဲ့များက ရှမ်းပြည်အရှေ့ပိုင်း နယ်မြေဒေသများကို ဆက်စပ်ထိန်းချုပ်စိုးမိုးနိုင်သည့် အရိပ်အယောင်များ ရှိနေချိန်တွင် ရှမ်းလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး ထိုင်းနိုင်ငံနှင့်ဆက်ဆံရေးကောင်းမွန်သည့် RCSS က စစ်ရေးအရပြင်ဆင်မှုများရှိနေသည်ကို တွေ့ရပြန် သည်။ ယင်းအခြေအနေများကိုကြည့်လျှင် မြန်မာပြည်တွင်းရှိ စစ်ပွဲများသည် ထိုင်းနိုင်ငံအထိ သက်ရောက်ပြီး ထိုင်း မြန်မာနယ်စပ်နှင့် ထိုင်းနိုင်ငံအထိ ကျယ်ပြန့်သွားဖွယ်ရှိသည့် အလားအလာများ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနောက်ခြမ်းရှိ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ဘင်္ဂလားဒေ့ရ်ှတွင် တရုတ်အစိုးရထောက်ခံသော ရှိတ်ဟာစီနာ ပြုတ်ကျသွားခဲ့ပြီး အစိုးရသစ်ဖွဲ့ရန် ပြင်ဆင်နေမှုက တရုတ်ကျောထောက်နောက်ခံပြု AA အတွက် ပြဿနာရှိလာဖွယ်ဖြစ်သည်။ ထိုအခြေအနေသည် AA အနေဖြင့် မြန်မာနိုင်ငံအနောက်ခြမ်းတွင် အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ဖြစ်လုနီးပါး အခြေအနေသို့ တဖြည်းဖြည်း ရောက်ရှိလာမည့် အခင်း အကျင်းမျိုးဖြစ်နေသည်။

ယင်းတို့ကိုခြုံငုံသုံးသပ်လျှင် မြန်မာသည် ဒေသတွင်း၌ အင်အားကြီးနိုင်ငံများကြားမှ Proxy စစ်ပွဲနှင့် စစ်မြေ ပြင်တစ်ခုကဲ့သို့ ဖြစ်ပေါ်လာနိုင်ခြေရှိနေသည်။ ယင်းက နိုင်ငံ၏လွတ်လပ်ရေးကိုပါ ထိခိုက်ဆုံးရှုံးရနိုင်သည့် အလားအလာနှင့်ပါ ရင်ဆိုင်နေရခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကာလက အခြေအနေကိုပြန်ကြည့်လျှင် မြန်မာသည် ဂျပန်၊ အင်္ဂလိပ်စသော နိုင်ငံကြီးများ၏ စစ်မျက်နှာစာ ဖြစ်ခဲ့ရပြီး တိုင်းပြည်မှာလည်း ပျက်စီးဆုံးရှုံးမှုများစွာဖြင့် ထိခိုက်ခံစားခဲ့ကြရသည်။ ယနေ့ကမ္ဘာ့အခြေအနေကိုကြည့်လျှင်လည်း တတိယကမ္ဘာစစ်သို့ ဦးတည်နေသည့် အခြေအနေမျိုးတွင် မြန်မာသည် အာရှတွင် စစ်ပွဲ များ၏ အခြေခံဆုံချက်နှင့် အကြောင်းအချက်ရင်းမြစ်တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည့် အလားအလာမျိုး ဖြစ်နေသည်။ ထိုကဲ့သို့ဖြစ်လာပါက မြန်မာအနေဖြင့် အချုပ်အခြာနှင့် လွတ်လပ်ရေးဆုံးရှုံးရုံသာမက မြန်မာပြည်သူများ ဒုက္ခပင် လယ်ဝေရမည့် အခြေအနေမျိုးနှင့် ကြုံတွေ့ ခံစားရပေလိမ့်မည်။ စစ်ပွဲများကြောင့် မြန်မာလူဦးရေ ၁၀ သန်းမှ ၁၅ သန်းကြား စစ်ဘေးဒုက္ခသည်အဖြစ် ဒေသတွင်းနိုင်ငံများသို့ ထွက်ပြေးကြရဖွယ်ရှိပြီး ယင်းအကျိုးဆက်များကို ဒေသ တွင်းနိုင်ငံအားလုံး ကြုံတွေ့ရဖွယ်ရှိသည်။ တရုတ်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများ ဖော်ဆောင်မှုက တိုင်းပြည်အချုပ်အခြာကို ထိခိုက်စေရုံသာမက ပြည်သူများစစ်ဘေးဒုက္ခဒဏ်နှင့် ဒေသတွင်း စစ်ပွဲ အဖြစ် ကြီးကျယ်လာစေနိုင်သည့် အန္တရာယ်နှင့်ကြုံတွေ့ရမည်ဖြစ်သည်။ မြန်မာနှင့် အိမ်နီးချင်း နိုင်ငံများဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအိုတို့အနေဖြင့်လည်း ၎င်းတို့၏နိုင်ငံများအတွင်း စစ်ပွဲများ၏ သက်ရောက်မှုနှင့် ပျံ့နှံ့လာနိုင်မှု၊ လုံခြုံရေးအတွက် ခြိမ်းခြောက်လာနိုင်မှုကို လက်ခံကြလိမ့်မည်မဟုတ်ပေ။ မြန်မာ့ အခြေအနေအပေါ် တရုတ်အနေဖြင့် ၎င်းတို့တစ်နိုင်ငံတည်း၏ လုံခြုံရေးနှင့်သာ သက်ဆိုင်သည်ဟုမသတ်မှတ်ဘဲ အခြားသော အိမ်နီး ချင်းနိုင်ငံများ၏ လုံခြုံရေးအပေါ်လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ သို့မဟုတ်ပါက အနောက်အုပ်စု နိုင်ငံများ အနေဖြင့်လည်း မြန်မာ့အရေးနှင့် စစ်ပွဲများအပေါ် ဝင်ရောက်ပတ်သက်မှုများရှိလာလျှင် မြန်မာသည် အာရှ၏ စစ် မျက်နှာစာဖြစ်မည့် အခြေအနေများနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ထိုအခြင်းအရာများကို သုံးသပ်လျှင် မြန်မာနိုင်ငံ၏အခြေအနေနှင့် တည်ငြိမ်မှုသည် နစကနှင့် အခြားသော သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့၏ ဆင်ခြင်တုံတရားအပေါ်နှင့် တရုတ်နိုင်ငံ၏ ဆင်ခြင်တုံတရားပေါ်တွင် မူတည်မည်ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာအပေါ် ရပ်တည်ချက်ကို ပြန်လည်သုံးသပ်၍ နယ်ချဲ့ဝါဒကို အားမပေးသည့်မူဝါဒနှင့် ခေတ်သစ်ကိုလိုနီဝါဒ Neocolonialism  ၏ ပြယုဂ်ဖြစ်သော Proxy War ကို အားမပေးဘဲ ငြိမ်းချမ်းရေးဟန်ပြ မျက်နှာဖုံးများကိုခွာချ၍ မြန်မာနိုင်ငံတည်ငြိမ်ရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ် ပါသည်။ သို့ဆိုလျှင် တိုက်ပွဲများရပ်တန့်ရေးအတွက် တရုတ်အနေဖြင့် မြန်မာအစိုးရအပေါ် ဖိအားပေးမှုများအစား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်းတို့ရှိရင်းစွဲနေရာများကို ပြန်လည်ဆုတ်ခွာ၍ တိုက်ပွဲများ အမှန်တကယ်ရပ်တန့်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ရေးတို့အတွက်  နိုင်ငံတကာနှင့် ပူးပေါင်း၍ လုပ်ဆောင်သင့်ပေသည်။

မည်သို့ပင်ဆိုစေကာမူ  ဒေသတွင်းတည်ငြိမ်မှုနှင့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အဆုံးအဖြတ်တွင် တရုတ် နိုင်ငံသည်အရေးပါပြီး ဒီမိုကရေစီစနစ်ကို လျင်မြန်စွာပြန်သွား၍ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ရန် တရုတ်အပါအဝင် အိန္ဒိယ၊ ထိုင်း၊ လာအို အိမ်နီးချင်းနိုင်ငံများအပြင် အာဆီယံ၊ အမေရိကန်နှင့် မြန်မာ့နိုင်ငံရေး အတွက် သက်ဆိုင်သူများအားလုံးပါဝင်သည့် All-Inclusive  ဆွေးနွေးပွဲများဖြစ်ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြ ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း The Daily Eleven  သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

(သြဂုတ် ၉ ရက် ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent