ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသို့ ပြောင်းရွှေ့ရန် ဒီဘရိုင်းနား ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီဟု သတင်းထွက်

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသို့ ပြောင်းရွှေ့ရန် ဒီဘရိုင်းနား ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီဟု သတင်းထွက်
Published 22 July 2024

မန်စီးတီးအသင်း၏ ကွင်းလယ်ကစားသမား ဒီဘရိုင်းနားသည် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဟု မီဒီယာများစွာက ဖော်ပြခဲ့ကြသည်။

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းနား(၃၃ နှစ်)သည် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူဖြစ်သည်။

ဒီဘရိုင်းနားသည် မန်စီးတီးအသင်းသို့ ရောက်ရှိလာသည့် ၂၀၁၅ ခုနှစ်ကတည်းက အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်၌ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၃၈၂)ပွဲကစားကာ (၁၀၂)ဂိုးသွင်းယူပေးထားသည်။

၎င်းက မိမိ၏အသက်အရွယ်ကြောင့် အရာအားလုံးအတွက် တံခါးဖွင့်စဉ်းစားသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လအတွင်း ပြောကြားခဲ့ပြီးနောက် ယခုအခါ အယ်လ်အစ်တီဟတ်အသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီဟု သတင်းထွက်လာခဲ့ခြင်းဖြစ်သည်။

အယ်လ်အစ်တီဟတ်အသင်းသည် ပြီးခဲ့သည့်ရာသီတွင် ဆော်ဒီလိဂ်၌ ချန်ပီယံ အယ်လ်ဟီလာအသင်းနှင့် အမှတ်(၄၀)ကျော် ကွာဟခဲ့သည့်အတွက် ထိပ်တန်းအားဖြည့်မှုများပြုလုပ်ရန် စီစဉ်နေပြီး ပြင်သစ်နည်းပြဟောင်း လောရင့်ဘလန့်ကိုလည်း နည်းပြသစ်အဖြစ် ခန့်အပ်ထားသည်။

ဒီဘရိုင်းနားသည် ယင်းအသင်းတွင် တစ်နှစ်ယူရိုသန်း(၇၀)ဝန်းကျင် ရဖွယ်ရှိသည်။

Most Read

Most Recent