မိုးရာသီ အားလပ်ရက်တစ်ရက်တွင် စိမ်းစိုသော ရှမ်းစိုက်ခင်းရှုခင်းအလှအပများ ခံစားရန် ဆီဆိုင်၊ ဟိုပုံးဒေသရှိ နမ့်ခုတ်နှင့် ပုံးအင်းဒေသတစ်ခွင်ကို လှည့်လည်လေ့လာမိသည်။ ဒုတိယအင်းလေးဟု တင်စားခေါ်ဝေါ်သော ပုံးအင်းဒေသ၌ ရွာပေါင်း ၃၀ ကျော်ရှိ ကာ အင်းလေးကန် နှင့် တောင်တစ်တောင်သာ ခြားသည်။
ထိုနေ့က တောင်ကြီးမှထွက်သော နံနက် ခင်းတွင် မိုးဖွဲဖွဲကျနေသလို ပုံးအင်းဒေသနှင့် နမ့်ခုတ်ရွာတို့တွင်လည်း တစ်နေကုန် မိုးဖွဲဖွဲ ကျနေပါသည်။ မိုးမကြီးသဖြင့် တော်သေးသည် ဟု ဆိုရမည်။ ကျောက်တစ်လုံးလမ်းပိုင်းထက် ဟိုပုံးလမ်းပိုင်းကို ရွေးချယ်၍ သွားဖြစ်သည်။ မိုးရာသီ စိုက်ချိန်ပျိုးချိန်ဖြစ်သဖြင့် ကျေးလက် ဒေသ နေရာတိုင်းတွင် သီးနှံများ စိုက်ပျိုးနေကြ သည်ကိုလည်း မြင်တွေ့ရသည်။
စိမ်းစိုလှပ ပုံးအင်းဒေသ
ပုံးအင်းဒေသဆိုသည်မှာ နောင်မွန်ရှမ်း ဆန်များထွက်ရှိရာ မြေပြန့်လွင်ပြင်တစ်ကြော ဖြစ်သည်။ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ကျောက် တစ်လုံးကြီးစသော မြို့လေးမြို့က ထောင့်လေး ထောင့်တွင် တည်ရှိကာ ရှည်မျောသော လေး ထောင့်ပုံစံ တောင်မြောက်သွယ်တန်းနေသည့် ရှမ်းတိုင်းရင်းသားတို့နေထိုင်ရာပုံးအင်းဒေသ ဖြစ်သည်။
ပုံးအင်းဒေသ၏ ထူးခြားချက်မှာ တောင် ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့ ၏ သုံးမြို့နယ်ဆုံစည်းရာ ကြားခံဒေသဖြစ် နေခြင်းပင်။ တောင်ကြီးမြို့နယ်၊ အသုံးတော် ကျေးရွာအုပ်စုသည် ကျောက်တစ်လုံးမြို့နယ် ခွဲတွင် ပါဝင်သဖြင့် မြို့နယ်သုံးခုနှင့် မြို့နယ်ခွဲ တစ်ခုတို့၏ ကြားထဲတွင် တည်ရှိနေသည်ဟု ဆိုရမည်။
ပုံးအင်းဒေသကို နမ့်တဘက်ချောင်းက မြောက်မှ တောင်ဘက်သို့ ဖြတ်သန်းစီးဆင်း နေသည်။ ရေချောင်းစီးဆင်းရာ လမ်းတစ် လျှောက် ပုန်းအင်းဒေသဖြစ်လာပြီး မိုးရာသီ ကာလတွင် ရေလမ်းခရီးအသုံးပြုကြောင်းဆို သည်။ ရှမ်းပုံးအင်းဒေသသည် ရေခြောက်လ၊ ကုန်းခြောက်လဟုလည်း ဆိုကြသေးသည်။
ပုံးအင်းဒေသကို သွားနိုင်ရန် တောင်ကြီး မြို့မှ လမ်းနှစ်သွယ်ရွေးချယ်နိုင်သည်။ တောင် ကြီး-ကျောက်တစ်လုံးကြီးသွားလမ်းအတိုင်း၊ နောင်ကားလမ်းခွဲမှ သွားနိုင်သလို တောင်ကြီး - ဟိုပုံး-ဆီဆိုင်သွားလမ်း နမ့်ခုတ်လမ်းပိုင်း ကိုလည်း ရွေးချယ်နိုင်ပါသည်။
ဟိုပုံး-ဆီဆိုင်သွားလမ်း နမ့်ခုတ်လမ်း ပိုင်းသည် ကတ္တရာလမ်းဖြစ်ကာ လမ်းကောင်း သဖြင့် ထိုလမ်းမှသွားလျှင် ပိုမိုသက်သောင့် သက်သာရှိသည်။ တောင်ကြီးမှ ဟိုပုံးရောက် လျှင် စျေးပတ်လမ်းအတိုင်း ဆီဆိုင်လမ်း၊ လွိုင် ကော်သွားလမ်းအတိုင်း တောင်ဘက်တက် သွားလျှင် နမ့်ခုတ်သွားလမ်းဖြစ်ပါသည်။
ထိုလမ်းအတိုင်းသွားလျှင် ဟိုပုံး-ပန်လုံ- လွယ်တန်-ကောင်ငင်း၊ နမ့်ခုတ်-ပိန္နဲကုန်း၊ နောင်ယာဆိုင်း စသောရွာစဉ်များကို ဖြတ် ကျော်ရသည်။ ပုန်းအင်းဒေသ လှေပြိုင်ပွဲ ကျင်းပသော ကျေးရွာအမည်မှာ ဟန်လွဲရွာ ဖြစ်ပြီး ထိုရွာသို့သွားနိုင်ရန်အတွက် နောင် ယာဆိုင်း ဘုန်းကြီးကျောင်းဆိုင်းဘုတ်လမ်းခွဲအတိုင်းဝင်သွားလျှင် ကတ္တရာလမ်းကောင်း ပါသည်။
ထိုလမ်းအတိုင်းဝင်လျှင် ဆီဆုံရွာကျော် သည်နှင့် တောင်ပေါ်ဘုရားတစ်ဆူကို ဖူးမြင် ရသည်။ ကတ္တရာလမ်းကောင်းပြီး မြင်ရသော လွင်ပြင်တောင်ကုန်းရှုခင်းများမှာ အင်မတန် ထူးခြား၍လှပနေပါသည်။ ထိုတောင်ပေါ် ဘုရားသို့ ဆိုင်ကယ်ဖြင့် တက်ရောက်နိုင်ကာ ပုန်းအင်းဒေသတစ်ကြောနှင့် နောင်ယာဆိုင်း ဒေသတစ်ကြောကို အရပ်လေးမျက်နှာ ရှုခင်း ကို မြင်တွေ့နိုင်သည်။
အောင်ဆုဗွေ တောင်ပေါ်စေတီ
ထိုတောင်ပေါ်ဘုရား၌ ဥပုသ်နေ့ ပအိုဝ်း တိုင်းရင်းသူအမျိုးသမီးကြီးများ ပုတီးထိုင်စိပ် နေသည်ကို မြင်တွေ့ရသည်။ တောင်ပေါ်တွင် ဘုန်းကြီးကျောင်းမရှိဘဲ ဥပုသ်သည်ဇရပ်နှင့် ကျောင်းဆောင်သာရှိပါသည်။ ထိုကျောင်း ဆောင်တွင် ရေနွေးအိုး တည်နေသည်ကိုလည်း မြင်တွေ့ရသည်။
၎င်းင်းတို့အား မေးမြန်းကြည့်ရာ တောင် ပေါ်ဘုရား၊ အောင်ဆုဗွေစေတီတော်ဟု ခေါ် ကြောင်းဆိုသည်။ ပအိုဝ်းတိုင်းရင်းသူကြီးများ သည် နောင်ယာဆိုင်းအထိ လမ်းလျှောက်ပြန် ကြရပြီး ထိုပုံးအင်းဒေသတွင် ရှမ်းတိုင်းရင်း သားများ သီးသန့် နေထိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။
တောင်ပေါ်မှလှမ်းမြင်ရသော ရှုခင်းကို ပြောရလျှင် တောင်မြောက်သွယ်တန်းနေသော ပုံးအင်းဒေသကို အလျားလိုက် မြင်တွေ့ရ ပြီး အလယ်ပိုင်းတွင် လှေပြိုင်ပွဲကျင်းပသော ရွာစဉ်တန်းများ စီတန်းကာ ဘယ်ဘက်ခြမ်းအ စွန်းတွင် တောင်တန်းများအကြားတွင် မွေ တော်ကက္ကူဘုရား တည်ရှိကြောင်း သိရသည်။ အလယ်ဘက်နှင့် ညာဘက်အစွန်းခြမ်းတွင် ရှုမျှော်မဆုံးသော လယ်ကွင်းစိုက်ခင်းပြင်များ ကို တွေ့ရသည်။ ထိုအင်းလေးကန်အရှေ့ ဘက် တောင်တန်းနှင့် နမ့်ပွန်ချောင်းအရှေ့ ဘက် လွယ်မောတောင်တန်းကြားတွင် တည်ရှိ သော လျှိုကြီးစတင်ရာ ဦးခေါင်းပိုင်းသည် ဟို ပုံး၊ အလယ်ပိုင်းမြေပြန့်စိုက်ခင်းပြင်ကြီးကို ထုင်းပူင်း (ပုံးအင်း)၊ အမြီးပိုင်းသည် ဟန်ပုံး ဖြစ်လာကြောင်း ဆိုသည်။
ဟိုပုံးဆိုသောစကားသည် ရှမ်းစကား ရေထွက်ရာ အဦးအဖျားကိုဆိုလိုခြင်းဖြစ် သည်။ ဟိုပုံးသည် ပုံးအင်းဒေသအဖျားပိုင်း တွင် တည်ရှိသည်။ ရှမ်းစကား ထုင်းပူင်း (ပုံး အင်း) ဒေသတစ်ကြောတွင် လယ်ကွင်းစိုက် ခင်းပြင်များကို တောင်ထိပ် ပေါ်မှ ရှင်းလင်းစွာ မြင်ရသည်။ မွေတော်ကက္ကူဘုရားရောက် လျှင် အရှေ့ဘက်စောင်းတန်းမှ ကြည့်လျှင် လည်း ပုံးအင်းလွင်ပြင်ကြီးကို မြင်တွေ့ရမှာ ဖြစ်သည်။
ထိုတစ်ဖက်စွန်းတွင် ကျောက်တစ်လုံး ကြီး-တောင်ကြီးသွားလမ်းတည်ရှိကြောင်း ဆိုသည်။ တစ်ဖက်တွင် နောင်ယာဆိုင်းဘက်မှ ဝင်လာခဲ့သော ရွာစဉ်တန်းရှုခင်းနှင့် တောင် ကုန်းစိုက်ခင်းများကို မြင်တွေ့ရသည်။ ထိုလမ်း ပိုင်းများကို လမ်းမှားသဖြင့် နှစ်ကြိမ်တိုင် ဖြတ် သန်းခဲ့ရသည်။
ခရီးသွားဟန်လွှဲ ရောက်ခဲ့သော ဟန်လွဲရွာ
လှေပြိုင်ပွဲကျင်းပရာ ပုန်းအင်းဒေသ ကျေးရွာမှာ ဟိုတက်ရွာကလေးဖြစ်ပါသည်။ ဟိုပုံး-ဆီဆိုင်သွားလမ်း ၊ နမ့်ခုတ်လမ်းပိုင်းမှ နောင်ယာဆိုင်းဘုန်းကြီးကျောင်း မုခ်ဦးဆိုင်း ဘုတ်အတိုင်း အတွင်းဘက်ဝင်လာခဲ့ခြင်းဖြစ် ပါသည်။ ထိုလမ်းအတိုင်း တည့်တည့်ဝင်လာ လျှင် တောင်ပေါ်စေတီကျော်ပြီး ဟန်လွဲကို ရောက်သည်။
ဟန်လွဲတွင် ကွန်ကရစ်တံတားကို မြင် တွေ့ရပြီး တစ်ဖက်ခြမ်းတွင် သစ်သားတံတား ကို လှမ်းမြင်နိုင်သည်။ ထိုသစ်သားတံတား ဘက်ခြမ်းမှစတင်၍ ပြိုင်ပွဲတာထွက်ခြင်းဖြစ် ပြီး ကွန်ကရစ်တံတားရှိရာဘက်ကို လှေလှော် ပြိုင်ပွဲဝင်ကြခြင်းဖြစ်သည်။ ထိုလှေပြိုင်ပွဲကာ လတွင် ကြက်ပျံမကျ စည်ကားနေတတ်သည်။
ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာလှေပြိုင်ပွဲ ကို တော်သလင်းလတွင် ကျင်းပခြင်းဖြစ်ကာ ရှမ်းရိုးရာလှေလှော်ပြိုင်ပွဲကို ပုံးအင်းဒေသ ရိုးရာယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်း သိမ်းရန်၊ မျိုးဆက်သစ်လူငယ်အားကစားသ မားများ ပေါ်ပေါက်လာစေရန်၊ မူးယစ်ဆေးဝါး ကင်းစင် ပပျောက်စေရန် ၊ ကိုယ်ကာယ ကျန်းမာ ကြ့ံခိုင်စေရန်နှင့် ပုံးအင်းဒေသ ဓလေ့ရိုးရာ ယဉ်ကျေးမှုကို ကမ္ဘာအနှံ့သိစေရန် ရည်ရွယ် ချက်ထား၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရ သည်။
ရှမ်းဆန်ထွက်ရာ ပုံးအင်း
ပုံးအင်းဒေသ ကျေးရွာများမှာ ကပ်လျက် တည်ရှိပြီး ရွာစဉ်ရွာတန်းများပြားသည်။ ရှမ်း နာမည်ဖြင့် ကျေးရွာများဖြစ်ပြီး ရွာစဉ်များမှာ အဓိကအားဖြင့် ရှမ်းဆန်ကိုသာ အားထား စိုက်ပျိုးကြသည်။ ကျွန်တော်ရောက်သွားချိန် တွင် ပုံးအင်းအစွန်ဆုံးရှိ နောင်စန့်ရွာနှင့် ဆိုင် လဲကျေးရွာတို့တွင် စပါးခင်းရေမြုပ်သဖြင့် ထိခိုက်ပျက်စီးမှု အတော်အတန် ကြုံတွေ့နေရ ကြောင်း စိတ်မကောင်းစရာသတင်း ကြား သိရသည်။
ယခုလို ဓာတ်မြေသြဇာများ၊ မျိုးစေ့များ၊ လောင်စာဆီစျေးနှုန်း အစစအရာရာ ကုန်စျေး နှုန်းကြီးမြင့်နေချိန် စပါးခင်းများ ရေမြုပ်ပျက် စီးမှုကြုံရသဖြင့် ထိခိုက်ဆုံးရှုံးမှုပမာဏများ မည်မှာ ပြောဖွယ်ရာလိုမည်မထင်ချေ။
ပုံးအင်းဒေသထွက်သော ရှမ်းဆန်မှာ နောင်မွန်ရှမ်းဆန်ဟု လူသိများသော ရှမ်းဆန် ဖြစ်သည်။နောင်မွန်ရှမ်းဆန်ကို လူတိုင်းသိကြ သော်လည်း ပုံးအင်းဒေသတွင် စိုက်ပျိုးကြ သော အချက်ကို လူတိုင်း မသိကြပါ။ ပုံးအင်း ဒေသတွင် ရှမ်းဆန်ကိုသာ စိုက်ပျိုးကြခြင်း ဖြစ်သည်။
ပုံးအင်းဒေသ ရွာစဉ်တန်းများမှာ ဟန်လွဲ မှ တောင်ကြီးဘက် ထွက်လမ်းတွင် ဟန်လွဲ၊ ဟိုတက်၊ တွန်မှုန်၊ နမ့်ကွတ်တို့မှတစ်ဆင့် နောင်ကားထွက်လမ်းရောက်သည်။ ထိုကျေး ရွာများသည် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ တွင် ပါဝင်ကာ နားဟီးကျေးရွာအုပ်စု၊ အသုံး တော်ကျေးရွာအုပ်စုတို့တွင် ပါဝင်သည်။
ဆီဆိုင်မြို့နယ်ဘက်ခြမ်းမှ စတွက်လျှင် ပင်လွန်၊ ပုံလောင်း၊ နောင်စန့်၊ ဆိုင်လဲ၊ ဖက် ကွန်၊ ဝမ်နောက်၊ ဝမ်ပုံး၊ ရေဝန်း၊ ဘန်းကန်၊ ဝမ်ခွမ်၊ ဝမ်စမိန်၊ တိဟေ၊ ဆီဆုံ၊ ဟိုတပ်၊ တွန့် မုန်းကိုရောက်သည်။ တွန့်မုန်း၊ ပုံးတန်၊ မိုင်း လုံး၊ မိုင်းပျိုရွာများသည် စက်ဝိုင်းပုံ တည်ရှိ နေသည်။
မိုင်းပျို မှ မြောက်ဘက်ကုန်းရမ်ရွာ၊ ဆန် ဆိုင်၊ ကန်လုံ၊ ညောင်ကောက်၊ နောင်ယွေး ၊ နောင်ပစ်မြောက်တို့ကို ရောက်ပါသည်။ ပုံး တန်မှတစ်ဆင့် နောင်ပစ်မြောက်ကိုသွားနိုင် ပါသည်။ နောင်ပစ်လမ်းပေါ်ရောက်လျှင် တောင်ကြီး ကျောက်တစ်လုံးကြီးလမ်းပိုင်း ပေါ် ရောက်ရှိသွားမည်ဖြစ်သည်။
ပုံးအင်းဒေသတစ်ကြောလုံး အရှေ့ဘက် ခြမ်းကိုထွက်ရာတွင် ဟိုပုံး-ဆီဆိုင်သွားလမ်း ပေါ် ရောက်ရှိမည်ဖြစ်သည်။ ကျေးရွာများအ လိုက်ထွက်ရာ လမ်းပိုင်းများ တည်ရှိနေပါ သည်။
ရှေးဟောင်းစေတီတော်များ တည်ရှိသော ပုံးအင်းဒေသ
ပုံးအင်းဒေသကို နေ့လယ်ပိုင်းရောက်ရှိ ချိန် မိုးဖွဲဖွဲကျလိုက်၊ နေပူလိုက်ဖြင့် ဖြတ်သန်း နေရသည်။ ဟန်လွဲရွာမှတစ်ဆင့် တောင်ကြီး ထွက်လမ်းကို ရှုခင်းကြည့်ရာ ဟိုတက်ရွာ၊ တွန်မှုန်ရွာတို့ကို ဖြတ်ကျော်၍ တောင်ကြီး သွားလမ်းပေါ် ရောက်ရှိသည်။
ပုံးအင်းဒေသ ဟန်လွဲရွာ၊ ဟိုတက်ရွာ နှင့် တွန်မှုန်ရွာတို့တွင် စပါးစိုက်နေကြသည် ကိုလည်း မြင်ရသည်။ ထို့ပြင် ၀ါသနာအရ မြင်းမွေးထားသည်ကိုလည်း တွေ့ရသည်။ စပါး စိုက်ခင်းများနှင့် မြင်းကြီးများ၏ အလှအပ မှာ လိုက်ဖက်လွန်းပါသည်။ နေ့လယ်ခင်း လုပ်ငန်းခွင်ဝင်ကြသူများပါသည်။ ရေချောင်း က ရွာကို ပတ်၍ တောက်လျှောက်စီးဆင်းသွား သည်။ ချောင်းရိုးတစ်လျှောက် ရွာတည်ထား သည်မှ လှပနေတော့သည်။
ပုံးအင်းဒေသတွင် နေ့လယ်ခင်း ထမင်း ဆိုင်မရှိမှန်း ရောက်ရှိမှ သိလိုက်ရပြီး အစာ အိမ်ရောဂါသမား စာရေးသူ အခက်တွေ့တော့ သည်။ ထို့ကြောင့် အခြားကိစ္စများကို မစဉ်းစား တော့ဘဲ ထမင်းဆိုင်ရှာဖွေရေး ဦးစားပေး စီစဉ်ရသည်။ ကျေးရွာများအတွင်း လိုက်လံ ရှာဖွေရာ ထမင်းဆိုင်မတွေ့ချေ။
ထို့ကြောင့် ဝမ်ပိန်း၊ ဟန်လွဲရွာမှတစ်ဆင့် ကက္ကူဘက်သွားလမ်းဟုဆိုသော ကျေးရွာ လမ်းလေးအတိုင်း တက်သွားမိတော့သည်။ ထိုလမ်းလေးသည် ယာဉ်တစ်စီးသာသာ သွား လာရသော မြေသားလမ်းလေးဖြစ်ကာ ချောင်း ရိုးတစ်လျှောက် ဖောက်ထားသောလမ်းဖြစ် သည်။ လမ်းမှာ မြေမညီသဖြင့် ခရီးမတွင်လှ ချေ။
စပါးစိုက်နေသော အမျိုးသားတစ်ဦးက ရှေ့နားတွင် စားသောက်ဆိုင်ရှိနိုင်သည်ဟု ဆိုသဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။ ထွက်လာ ပြီးမှ မှားမှန်းသိတော့သည်။ တစ်လမ်းလုံး စားသောက်ဆိုင်မရှိသည့်အပြင် လမ်းခရီးမှာ လည်း ကြမ်းတမ်းသဖြင့် အပြန်တွင် ထိုလမ်းမှ ပြန်၍ အဆင်မပြေတော့ကြောင်း နားလည် လိုက်သည်။ သို့သော်လည်း လမ်းကြောညာ ဘက်တစ်ခြမ်းတွင် တောင်တန်းနှင့် စပါးစိုက် ခင်းကို စိမ်းစိုလှပစွာ မြင်တွေ့ရသဖြင့် စိတ် ကြည်နူးစရာ ကောင်းလှသည်။
တချို့စပါးခင်းများမှာ နွေစပါးဖြစ်ကာ တချို့မှာ ယခုမှ စတင်စိုက်ပျိုးနေကြသည်ကို လည်း မြင်တွေ့ရသည်။ တချို့ကျေးရွာများတွင် စိုက်ပျိုးထွန်ယက်နိုင်ခြင်း မရှိသေးသော မြေ လွတ်များကိုလည်းတွေ့ရသည်။ ရှုခင်းများ လှပ သော်လည်း ကင်မရာမကိုင်အားတော့ဘဲ စား သောက်ဆိုင် ရှာဖွေရေးသာ ဦးတည်စိတ်စော နေတော့သည်။
ဟန်လွဲမှ ဖြတ်သန်းလာသော ရွာစဉ်မှာ ဆီဆုံ၊ တီဟေး၊ ဝမ်စမိန်၊ ဝမ်ခွမ်၊ ရေဝန်း၊ ဝမ် နောက် (ခ) မွေတော် ၊ ဝမ်ပုံး၊ ဖက်ကွန်၊ ဆိုင်လဲ၊ နောင်စန့်လမ်းခွဲအထိ ရောက်ခဲ့သည်။ နောင် စန့်သည် လမ်းလေးဆုံတည်နေရာဖြစ်ကာ မြောက်ဘက်မှ ဝင်လာသော လမ်းအတိုင်းမှ တွက်လျှင် ညာဘက်ခြမ်းတွင် ဟမ်းဆီး ရောက် နိုင်ပြီး ဘယ်ဘက်ခြမ်းတွင် ဟိုပုံး-ဆီဆိုင် သွားလမ်းပေါ်ရှိ နောင်မွန်ကို ရောက်ရှိမည် ဖြစ်သည်။ ရှေ့တည့်တည့် ဆက်သွားမည်ဆို ပါက ကက္ကူဘက်ခြမ်းကို ရောက်မည်ဟု သိရ သည်။
ထိုနောင်စန့်ကျေးရွာတွင် ရွာလမ်းအ တိုင်းဝင်ခဲ့ရာ ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို တွေ့ရ သည်။ အဆင်မပြေသေးသဖြင့် ဆက်ထွက်ခဲ့ ရာ နောက်ထပ်အိမ်ဆိုင်လေးတစ်ဆိုင်ကို တွေ့ ရပြီး ကွေ့တီယို အသားလုံးခေါက်ဆွဲကို စားခဲ့ ရသည်။ နေ့လယ်စာကို အဆင်ပြေစွာ စားခဲ့ရ သဖြင့် ကျေးဇူးတင်ရမည်ဖြစ်သည်။
ထိုခေါက်ဆွဲဆိုင်မှ ရှမ်းတိုင်းရင်းသား ဦးလေးကြီးနှင့် စကားပြောဆိုပြီးနောက် ပုံး အင်းဒေသ စပါးခင်းများ ရေမြုပ်ပြီးပျက်စီး ကြောင်းသိရသည်။ စပါးသီးခါနီးတွင် ရေမြုပ် ပျက်စီးမှု ကြုံရသဖြင့် ထိခိုက်ပျက်စီးမှု ပမာဏ များပြားသည်ဟုလည်း စိတ်မကောင်းစွာ သိရ သည်။
ပုံးအင်းဒေသသည် ရေတက်ချိန်တွင် စက်လှေဖြင့် ခရီးသွားလာကြပြီး ကုန်းခြောက် လ ရေခြောက်လဟုဆိုသည်။ ပုံးအင်းတစ်ဝိုက် ရှမ်းတိုင်းရင်းသားများ အဓိကနေထိုင်ကြခြင်း မှာ စိတ်ဝင်စားစရာအချက်ဖြစ်နေသည်။ ရှမ်း တိုင်းရင်းသားတို့၏ ရိုးရာပွဲတော် ရိုးရာဓလေ့ ထိန်းသိမ်းမှု နည်းပါးလာကြောင်းလည်း သိရ သည်။
ထို နောင်စန့်ကျေးရွာလေးတွင် ရွာတွင်း ကတ္တရာလမ်းခင်းထားသော်လည်း ကျေးရွာမှ နောင်မွန်ဘက်ခြမ်းထွက်လမ်းတွင် ကျောက် ခင်းလမ်းဖြစ်နေပြီး အဝေးပြေးလမ်းမကြီးနှင့် ကတ္တရာလမ်း ဆက်မိနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ထိုလမ်းပိုင်းမှ ဝင်လာလျှင် နောင် ယာဆိုင်းလမ်းလောက် သိပ်အဆင်မပြေနိုင် ပါ။
နောင်စန့်ကျေးရွာဘက်မှ အထွက်လမ်း ရောက်ဖို့ အတော်မောင်းနှင်ရပြန်သည်။ လမ်း ကြမ်းသဖြင့် ခရီးသိပ်မတွင်ချေ။ ထိုနောင်စန့် ကျေးရွာလမ်းအတိုင်း ထွက်ပြီးနောက် နောင် မွန်ကို ရောက်ပါသည်။ ဟိုပုံး-ဆီဆိုင်လမ်း ပိုင်းတစ်ကြောဖြစ်ကာ လမ်းအမည်မှာ တောင် ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်းဟု ရေးထားသည်။ နောင်မွန်ကျေးရွာအုပ်စု တောင်ဘက်တွင် ဘန်းယဉ်အုပ်စုရှိသည်။
နောင်မွန်မှာ သိပ်ထူးခြားမှုမရှိဘဲ ခရီး သည် မော်တော်ယာဉ်လိုင်းများ ခေတ္တနားခိုရာ အရပ်လည်းဖြစ်သည်။ နောင်မွန်စည်ပင်သာ ယာစျေးအနီးတွင် မော်တော်ယာဉ်လိုင်းများ ခေတ္တရပ်နား၍ နားခိုရာဖြစ်သည်။ နောင်မွန်မှ တစ်ဆင့် နောင်ယာဆိုင်းကျောင်းတိုက်ဆိုင်း ဘုတ်အထိ မောင်းနှင်ရပြန်သည်။
ဒုတိယကြိမ်မြောက် ဟန်လွဲရောက်
မနက်ခင်းက နောင်ယာဆိုင်းကျောင်း တိုက် ဆိုင်းဘုတ်လမ်းခွဲအတိုင်းဝင်ခဲ့ရာ ပုံး အင်းဒေသ၌ လည်ပတ်ခဲ့ပြီး နေ့လယ်ခင်း ခေါက်ဆွဲစားပြီးနောက် ပုံးအင်းတောင်ဘက် ဆုံး နောင်စန့်ကျေးရွာလေးမှ နောင်မွန်အထိ ပြန်ထွက်လာခြင်းဖြစ်သည်။ ထိုကျေးရွာလမ်း အတိုင်းသွားလျှင် အဆင်မပြေသောကြောင့် ပင်ဖြစ်သည်။
ထိုကတ္တရာလမ်းအတိုင်းပင် ပုံးအင်းဒေ သကို နောက်ထပ်တစ်ခေါက်ရောက်ပြန်သည်။ ဟန်လွဲရွာကို ရောက်ပြီး တံတားအနီးတွင် ခေတ္တအနားယူ၍ ငါးမျှားနေသူများနှင့် စကား စမြည်ပြောဆိုသည်။
ကျေးရွာတွင် လုပ်ငန်းကိုင်ငန်း ဆောင် ရွက်နေကြသဖြင့် အလုပ်မအားကြချေ။ ထို့ ကြောင့် ဟန်လွဲ၊ ဟိုတက်၊ တုန်မှုန်ကျေးရွာ များကို ဓာတ်ပုံရိုက်ရင်းဖြင့် လည်ပတ်မိသည်။ ပြီးနောက် ဟန်လွဲမှတစ်ဆင့် ဆီဆုံ၊ တိဟေး ရွာကို သွားခဲ့သည်။ အကြောင်းမှာ တိဟေးရွာ တွင် ရှေးဟောင်းစေတီတော်ခြောက်ဆူ ဖူးမြင် ခဲ့ရသဖြင့် သမိုင်းကြောင်းမေးမြန်းရန် လာခဲ့ ခြင်းဖြစ်သည်။
ထိုရှေ့တည့်တည့်၌ ဖွင့်ထားသော အိမ် ဆိုင်ရှိ ရှမ်းတိုင်းရင်းသူအမျိုးသမီးကြီးကို မေး မြန်းကြည့်ရာ ရှေးဟောင်းဘုရားဟုပင်သိရ ကြောင်း၊ ဝမ်ပုံးရွာတွင်လည်း ရှေးစေတီတော် တည်ရှိကြောင်းဆိုသည်။ ရွာခံအဘိုးကြီးတစ် ယောက် ရှင်းပြချက်မှာ ယွန်းရှမ်းတို့၏ လက် ရာ ရှေးဟောင်းမွေတော်စေတီတော်များဖြစ် ကြောင်း သိရသည်။ ဘုရားထီးတော်မှာ ယွန်း ရှမ်းလက်ရာ မဟုတ်တော့ဘဲ စေတီတော် ခြောက်ဆူတွင် တစ်ဆူသာ ထုံးသင်္ကန်းသုတ် ထားသည်ကို တွေ့ရသည်။ ထို့နောက် ထိုလမ်း ပိုင်းပေါ်မှာပင် စေတီတော်နောက်ထပ်တစ်ဆူ ကိုလည်း ဖူးမြင်ရပြီး ကျေးရွာနာမည်ကို မမှတ် မိတော့ချေ။ ဝမ်ခွမ်ရွာမှာ တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံး မြို့နယ်သုံးခုစလုံး ပါဝင်သော ထူးခြား သော ကျေးရွာလေးဖြစ်ကြောင်းဆိုသည်။
ပုံးအင်းဒေသ စပါး စိုက်ပျိုးရေး
ပုံးအင်းဒေသတွင် အဓိကအားဖြင့် စပါး ကို စိုက်ပျိုးကြကာ မိုးစပါးတစ်မျိုးတည်းကိုသာ အားထားစိုက်ပျိုးကြောင်း သိရသည်။ စိုက်ပျိုး ချိန်မှာ မိုးရာသီကာလ ဇွန်လ၊ ဇူလိုင်လတို့ တွင် စိုက်ပျိုးကြခြင်း ဖြစ်သည်။ စပါးများမှာ ဒေသမျိုးများဖြစ်သော ခေါင်နမ့်ခမ်း ၊ ရွေးတို့ အပြင် ရွှေအပ် ၊ ရွှေရင်အေး စပါးမျိုးတို့လည်း စိုက်ပျိုးကြောင်း သိရသည်။ နွေရာသီ စိုက်ပျိုး သော စပါးများကို တော်သလင်းလတွင် ရိတ် သိမ်းလေ့ရှိကြောင်း သိရသည်။
ပုံးအင်းဒေသ စပါးရိတ်သိမ်းရာတွင် ရေ ထဲဆင်း၍ အမျိုးသားက စပါးရိတ်ရသလို အမျိုးသမီးက လှေပေါ်မှ ရိတ်သိမ်းပြီး စပါး များကို လိုက်လံသိမ်းဆည်း၍ ၀ါးတန်းတွင် လှန်းကြရခြင်းဖြစ်သည်။ ရှမ်းပြည်နယ်တွင် တစ်နေရာတည်းရှိသော ပုံးအင်းဒေသ စပါး ရိတ်သိမ်းခြင်းဓလေ့ဖြစ်သည်။
နောင်မွန်အကျော်ရှိ ကွန်ကောင်းမှူး တွင် အဆင့်မြင့်ဆန်စက်ကြီးများရှိပြီး သွား ရောက် ကြိတ်ခွဲခြင်းများရှိကြောင်းသိရသည်။ ပုံးအင်းဒေသထွက် နောင်မွန်ရှမ်းဆန်သည် နာမည်ကျော်ကြားသည်။ နောင်မွန်ရှမ်းဆန် သည် ကြက်ဆီထမင်း၊ ဆူရှီထမင်းလိပ်၊ ရှမ်း ထမင်းချဉ် ၊ ငါးထမင်းနယ်လုပ်ရာတွင် အသုံး ပြုကြပါသည်။
ရွှေဘို၊ ဖျာပုံ ပေါ်ဆန်းမွှေးစျေးကွက်ပြီး လျှင် ဒုတိယစားသုံးမှုအများဆုံးဆန်မှာ ဒေသ တွင်း ရှမ်းဆန်များဖြစ်သော နောင်မွန်ခေါက် နမ်းခမ်း၊ နောင်မွန်ရွှေရင်အေးနှင့် နောင်မွန် ရွှေအပ်ရှမ်းဆန်များဖြစ်သည်။ ပုံးအင်းဒေသ တွင် စပါးစိုက်ပျိုးပြီးချိန် အခြားသီးနှံများဖြစ် သော ကြက်သွန်ဖြူ ကဲ့သို့ သီးနှံတို့ကို စိုက်ပျိုး ကြသော်လည်း နည်းပါးကြောင်း သိရသည်။
ရယ်စရာတစ်ခု ပြောပြပါမည်။ တချို့က “ပုံးအင်းဒေသ ငါသွားတော့ ရေလမ်းခရီးနဲ့ စက်လှေနဲ့သွားရတာပါ” လို့ပြော၏။ နောက် တစ်ယောက်ကလည်း “ပုံးအင်းကိုရောက် တုန်းက မော်တော်ဆိုင်ကယ်နဲ့ သွားရတာ” လို့ ဆိုပြန်၏။ သူတို့ အချင်းချင်း ငြင်းခုံကြ သည်။ တကယ်တော့ နှစ်ယောက်စလုံး မှန်ပါ သည်။ ပုံးအင်းဒေသသည် ရေခြောက်လ၊ ကုန်းခြောက်လ ဖြစ်သောကြောင့်ပင်တည်း။
ရိုးရာပွဲတော်များ
ဗမာလို ပုံးအင်း ၊ ရှမ်းအခေါ် ထုင့်ပူင်းလို့ ခေါ်သော စပါးစိုက်ခင်းဒေသလေးသည် အင် မတန် သာယာလှပသောနေရာတစ်ခုဖြစ်ပါ သည်။ တောင်တန်းနောက်ခံ စိုက်ခင်းလွင်ပြင် များ၊ စပါးခင်းများ ကြည့်မျှော်မဆုံးပေ။
ပုံးအင်းဒေသ လူသိများသောပွဲတော်မှာ တော်သလင်းလတွင် ကျင်းပသော ရှမ်းတိုင်း ရင်းသား ရိုးရာလှေလှော်ပြိုင်ပွဲဖြစ်သည်။ ယခင်က ဖိုင်လဲနှင့် နောင်စန့်တို့တွင် ပြုလုပ် ခဲ့ပြီး ဟိုတက်တွင် ပြောင်းလုပ်သည်မှာ မကြာ သေးကြောင်း သိရသည်။ ပုံးအင်းဒေသ လှေ လှော်ပြိုင်ပွဲ လာရောက် ကြည့်ရှုသော ဒေသခံ ပရိသတ်အပေါင်းမှာ ကြက်ပျံမကျ စည်ကား လေ့ရှိသည်။
ထို့ပြင် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာ သီတင်းကျွတ်ကာလ ခုနစ်ရက်ခန့် ဘုန်းကြီး ကျောင်းတက်သော ဓလေ့လည်းရှိကြောင်း သိရသည်။ ၀ါဆို၊ ၀ါခေါင်ကာလတွင် ကက္ကူ ဘုရားကို မနက်ပိုင်း စောစောဆွမ်းကပ်ခြင်း ဓလေ့ရှိကြောင်း၊ ဘုရားလှူဒါန်းထားသော စပါးမျိုးစေ့များကို သွားရောက်လဲလှယ်၍ ထို မျိုးစေ့ဖြင့် စိုက်ပျိုးလျှင် စပါးအထွက်နှုန်း ကောင်းခြင်းရှိသော ဓလေ့ရှိကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။
ပုံးအင်းဒေသ အစွန်ဆုံး ပင်လွန်ရွာ
ပင်လွန်ရွာဟာ သမိုင်းဝင် ရှမ်းရွာလေး ဖြစ်ပြီး ချောင်းရိုးကရွာလယ်မှ ဖြတ်သန်း စီးဆင်းနေသည်။ ချောင်းရိုးအရှေ့ဘက် ဆီ ဆိုင်မြို့နယ်၊ အနောက်ဘက်ခြမ်း တောင်ကြီး မြို့နယ်တို့တွင် ပါဝင်ခြင်းဖြစ်သည်။ ပင်လွန် ရွာသည် ရိုးရာမုန့်လုပ်သော ကျေးရွာလေး ဖြစ်ကာ ရှေးကပင် လုပ်ကိုင်ခဲ့ကြောင်း သိရ သည်။
ပင်လွန်ရွာ၏ ပြောစမှတ် သမိုင်းကြောင်း လေးမှာ အလောင်းစည်သူမင်း လှည့်လည် ရောက်လာစဉ်နှင့် ဆက်စပ်နေသည်။ ပုဂံဘု ရင် နရပတိစည်သူမင်းကြီး ရှမ်းပြည်နယ် သာ သနာပြုခရီးစဉ်အတွင်း ဘုရားတည်မည့်ဌာ နေကို ကျော်လွန်ခဲ့ပြီး ဖောင်တော်ဆိုက်ကပ် ရောက်ရာနေရာဖြစ်သော ရွာကလေးဟု လည်း ဆိုရိုးစကားရှိသည်။ နရပတိစည်သူမင်း ကြီး ဖောင်တော်ပြန်လှည့်ကွေ့ရာနေရာ ဖြစ် သောကြောင့် ဖောင်လွန်မှ နောင်လွန်ဟု သမုတ်ခဲ့ပြီး ကာလကြာသောအခါ ပင်လွန်ရွာ အမည်တွင်လာပုံရှိကြောင်း ကြားသိမှတ်ထား ရသည်။
နရပတိစည်သူမင်းကြီး ဖောင်တော် ဆိုက်ကပ်စဉ် ပင်လွန်ရွာသားများက ထမင်း သိုး၊ ကောက်ညှင်းခြောက်များကိုသာ ဆက် ကပ်ခဲ့ သဖြင့် ဘုရင်အမျက်တော်ရှပြီး ပင်လွန် တစ်ရွာလုံး ထမင်းသိုး၊ ကောက်ညှင်းခြောက် ဖြင့် တစ်သက်လုံး အလုပ်လုပ်ကိုင်ရန် ကျိန် ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောပြ ချက်အရ သိရသည်။
နောက်တစ်နည်းမှာ နရပတိစည်သူမင်း ကြီး ရောက်ရှိစဉ် ထမင်းပိုများကို နေခြောက် လှန်းခဲ့ရာမှ ဒေသခံကျေးရွာသူကျေးရွာသား များကလည်း ထမင်းကို နေခြောက်လှမ်း၍ မုန့်လုပ်ငန်းကို လုပ်ကိုင်လာကြောင်း၊ ယနေ့ ထက်တိုင် ရိုးရာမုန့်လုပ်ငန်းကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း ဆောင်ရွက်လာကြောင်း၊ ပွဲ လမ်းသဘင်များတွင် ရွာထွက်မုန့်များကို လိုက်လံရောင်းချခြင်းရှိကြောင်း သိရသည်။
ထိုပင်လွန်ကျေးရွာ၌ ရှေးဟောင်းဘုရား စေတီပျက်များကိုလည်း မြင်တွေ့ခဲ့ရပြီး အင်း လေးကန်ကဲ့သို့ ရေပြင်ကိုလည်း မြင်တွေ့နိုင် ပါသည်။
နောင်မွန်
ရှမ်းပြည်မှ နောင်မွန်နှင့် အမည်တူသော မြန်မာပြည်မြောက်ဖျားက နောင်မွန်လည်း ရှိသေးသည်။
အဆိုပါနောင်မွန်မြို့နယ်သည် မြန်မာ နိုင်ငံ၏ မြောက်ဘက်အစွန်ဆုံး မြို့နယ်ဖြစ် ပြီး အရှေ့ဘက်တွင် တရုတ်နိုင်ငံနှင့် ခေါင် လန်ဖူးမြို့နယ်၊ တောင်ဘက်နှင့် အနောက် ဘက်တွင် မချမ်းဘော့မြို့နယ်၊ မြောက်ဘက် တွင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့နှင့် နယ် နိမိတ်ချင်း ထိစပ်နေသည်။
ရှေးအခါက နောင်မွန်ကို လုံမှုံဟု ခေါ် ဆိုခဲ့ကြပြီး ရဝမ်ဘာသာစကားဖြင့် (လုံ-ကျောက်၊ မှုန်-ဖြူသည်) ဖြစ်၍ ကျောက်ဖြူ ရှိရာအရပ်၌ တည်ထားသောမြို့ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နောင်မွန်ကျေးရွာတည်ရှိသည်။ ပုံးအင်းဒေ သထွက် နောင်မွန်ရှမ်းဆန်မှာ ရှမ်းပြည်တွင် နာမည်ကျော်ကြားသည်။ နောင်မွန်ကျေးရွာ အုပ်စု၊ ဘန်းယဉ်ကျေးရွာအုပ်စုနှင့် ပုံးအင်း ကျေးရွာအုပ်စု (တောင်ဘက် တစ်စိတ်တစ် ပိုင်း) တို့သည် ဆီဆိုင်မြို့နယ်ထဲတွင် ပါဝင် သည်။
ရှမ်းတိုင်းရင်းသားများနေထိုင်သော ပုံး အင်းဒေသတွင် လေ့လာစရာ များပြားသော် လည်း မိုးဖွဲဖွဲကျနေခြင်းကြောင့် အပြန်လမ်း တွင် နမ့်ခုတ်ဘက် ဝင်ရောက်လေ့လာခဲ့ပါ သည်။
နမ့်ခုတ် စံပြကျေးရွာ
နမ့်ခုတ် စံပြကျေးရွာသည် ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပါဝင်သည်။
နမ့်ခုတ်သည် ဟိုပုံးမြို့ တောင်ဘက်ခြမ်း တွင် တည်ရှိသည်။ နမ့်တဘက်ချောင်းကို အ သုံးပြု၍ ဟိုပုံးမြို့နယ်နှင့် ဆက်စပ်နေသော ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာသို့ ဟိုပုံးမြို့ နယ်၊ ပုံးအင်းဒေသဟု ခေါ်ဝေါ်သော ကုန်း ကျိုင်းကျေးရွာအုပ်စုရှိ ဟန်လွဲ၊ ဆီဆုံ၊ တိဟေး၊ ဟိုတပ်၊ ဝမ်ခွမ်တို့မှ စက်တပ်လှေများ အသုံး ပြု၍ သွားလာနိုင်ကြသည်။
ဟိုပုံးမြို့နယ်သည် ပင်လယ်ရေမျက်နှာ ပြင်အထက် ၃၅၄၁ ပေတွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ မဲနယ်တောင်ဖြစ်၍ ပင် လယ်ရေမျက်နှာပြင်အထက် ၈၆၀၀ ပေမြင့် ကာ မြို့နယ်၏အနိမ့်ဆုံးအရပ်ဒေသမှာ ပုံး အင်းဒေသဖြစ်သော ကုန်းကျိုင်းကျေးရွာ အုပ်စု ဝမ်ခွမ်ကျေးရွာဖြစ်သည်။
ရှေးဟောင်းဘုရားစေတီများတည်ရှိရာ နမ့်ခုတ်
နမ့်ခုတ်ရောက်လျှင် အရင်ဆုံး မြင်တွေ့ ရသည်မှာ အရှေ့ဘက် မဲနယ်တောင်တန်း ကြီး၏ တောင်စွယ်တောင်တန်းများ ဖြစ်ပါ သည်။ နမ့်ခုတ်မှ မဲနယ်တောင်တန်း (စံဖူး) သို့ သွားသော လမ်းလည်း ရှိပြီး ထိုလမ်းဆုံမှ တောင်စွယ်တောင်တန်းများ အလှအပကို မြင်တွေ့ရသည်။
နမ့်ခုတ်တွင် ရှေးဟောင်းစေတီတော် များ ငါးနေရာတည်ရှိပါသည်။ နမ့်ခုတ်မြို့ တွင်းရှိ (၁) ဆုတောင်းပြည့်မွေတော် ရွှေချမ်း သာဘုရားကြီး၊ (၂) မဟာအောင်မြေ ကေတု မတီ ပရိယတ္တိစာသင်တိုက်ရှိ ညီညွတ်ရေး ဓာတ်ပေါင်းစုစေတီတော်၊ (၃) နမ့်ခုတ်မြို့ အောင်တော်မူ ဘုရားငါးဆူစေတီတော်ကြီး၊ (၄) နမ့်ခုတ်တောင်ပေါ်ရှိ ကိုးနဝင်း ရွှေရင် အေးစေတီတော်နှင့် (၅) ဂျာမနီသွားလမ်းရှိ လာဘမုနိအောင်တော်မူစေတီတော်တို့ ဖြစ် ပါသည်။ (အခါအခွင့်ကြုံလျှင် နမ့်ခုတ်ရွာ အကြောင်း ဆက်လက်တင်ပြသွားပါမည်)။
နမ့်ခုတ် တောင်ပေါ် ရှိ ကိုးနဝင်းရွှေရင်အေး စေတီတော်
နမ့်ခုတ်ရောက်လျှင် ပထမဆုံး တက် ရောက်သင့်သော စေတီတောင်အဖြစ် အကြံ ပြုလိုပါသည်။ နမ့်ခုတ်ရှုခင်းနှင့် မဲနယ်တောင် တန်းကို တောင်ထိပ်ပေါ်မှ လှပစွာ မြင်တွေ့ နိုင်ပြီး ရင်သပ်ရှုမောဖွယ်တောင်တန်းများ ကာဆီးထားသော မြေပြန့်လွင်ပြင်ရှိ နမ့်ခုတ် ကျေးရွာအလှကို တောင်ပေါ်မှ မြင်တွေ့နိုင် သည်။ ထိုနမ့်ခုတ် တောင်ပေါ်ရှိ ကိုးနဝင်းရွှေ ရင်အေး စေတီတော် တောင်ထိပ်တွင် ဇရပ်တဲ ကျောင်းရှိပြီး ကေတုမတီကျောင်းမှ သံဃာ တော်များက စောင့်ကြပ်ညအိပ်ကြောင်း ဦး ပဥ္စင်းတစ်ပါးကမိန့်သည်။ ထိုတောင်ပေါ် စေတီတော်ကို ပြန်လည်ပြုပြင်တည်ဆောက် ရန် ပြင်ဆင်နေကြောင်း သိရသည်။
ထူးခြားလှပသော ပုံးအင်းဒေသအ ကြောင်းကို လှေပြိုင်ပွဲကျင်းပစဉ်နှင့် ရေတက် ချိန်များတွင် ထပ်မံသွားရောက်၍ လေ့လာဦး မည်ဟု စိတ်ကူးထားပါသည်။ နောင်မွန်ရှမ်း ဆန်များ စိုက်ပျိုးရာဒေသဖြစ်သလို ရှမ်းတိုင်း ရင်းသားများနေထိုင်သော အင်းလေးကန် နှင့်တူသော ပုံးအင်းဒေသအကြောင်းကို လာ ရောက် လေ့လာလည်ပတ်နိုင်ရန်အတွက် လည်းကောင်း၊ ဒေသအချက်အလက် ပြုစု ခြင်းအတွက်လည်းကောင်း ခရီးသွားဆောင်း ပါးဖြင့် မှတ်တမ်းတင်ဖော်ပြလိုက်ပါသည်။