မြန်မာ့ရိုးရာလက်ဝှေ့သမား မိုးထက်အောင် ONE Friday Fight 67 တွင် ဂျပန်ဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ်မည်

မြန်မာ့ရိုးရာလက်ဝှေ့သမား မိုးထက်အောင် ONE Friday Fight 67 တွင် ဂျပန်ဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ်မည်
Photo: ONE Championship
Photo: ONE Championship
Published 10 June 2024

မြန်မာ့ရိုးရာလက်ဝှေ့သမား မိုးထက်အောင်သည် ONE Friday Fight 67 ပြိုင်ပွဲတွင် ဂျပန်ဖိုက်တာယာမာဂူချီနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

ONE Friday Fight 67 ပြိုင်ပွဲကို လာမည့်ဇွန် ၁၄ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်မည်ဖြစ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့သမား မိုးထက်အောင်နှင့် ဂျပန်ဖိုက်တာယာမာဂူချီတို့မှာ ပွဲစဉ်(၅) တွင် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

မိုးထက်အောင်နှင့် ဂျပန်ဖိုက်တာယာမာဂူချီတို့သည် ယင်းပြိုင်ပွဲတွင် Catchweight ( ၁၄၁ ပေါင်) တန်း မွေထိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

မိုးထက်အောင်နှင့် နည်းပြအဖွဲ့သည် ယင်းပွဲထိုးသတ်ရန် ပြီးခဲ့သည့်ဇွန် ၉ ရက်ကတည်းက ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

မိုးထက်အောင်သည် ONE championship နှင့် လက်တွဲ၍ ONE Friday Fight  ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်နေလျက်ရှိပြီး ယခုပွဲမှာ ၎င်း၏ ဒုတိယမြောက်ပွဲဖြစ်ကြောင်း သိရသည်။

မိုးထက်အောင်သည် ပြီးခဲ့သည့် မတ်၂၉ ရက်က ကျင်းပခဲ့သည့်  ONE Friday Fight 57 ပြိုင်ပွဲတွင် ONE Championship နှင့် လက်တွဲပြီးနောက် ပထမဆုံးပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

မိုးထက်အောင်သည် ယင်း ONE Friday Fight 57 ပြိုင်ပွဲတွင် ဂျပန်ဖိုက်တာ မာရုယာမာနှင့် Catchweight ( ၁၄၀ ပေါင်) တန်း မွေထိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ တတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

မိုးထက်အောင်သည် ယင်းပွဲတွင် ပြိုင်ဘက် ဂျပန်ဖိုက်တာ မာရုယာမာကို အလဲထိုးဖြင့် အနိုင်ရခဲ့သောကြောင့် ONE Championship CEO ဖြစ်သူ ချက်ထရီက ပေးအပ်သည့် အပိုဆုကြေး Bonus ဘတ်(၃) သိန်းခွဲကိုလည်း ရရှိခဲ့ကြောင်း သိရသည်။

မိုးထက်အောင်သည် မြန်မာ့ရိုးရာလက်ဝှေ့ (၃၃) ပွဲ ထိုးသတ်ထားရာ (၃၂) ပွဲနိုင်၊ (၁) ပွဲ သာရှုံးနိမ့်ထားကြောင်း သိရသည်။

လက်ရှိတွင် နာမည်ကြီး မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော်များဖြစ်သည့် သွေးသစ်ဝင်းလှိုင်၊ စိုးလင်းဦးတို့အပါအဝင် သန့်ဇင်၊ မိုးထက်အောင်၊ ထွန်းမင်းအောင်၊ ထွန်းမင်းနိုင်၊ ဆွန်ရက်တို့သည် ONE Friday Fight  တွင် သွားရောက်ထိုးသတ်နေလျက်ရှိသည်။

 

Most Read

Most Recent