ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင် နှစ်ရက်အတွင်း ကျပ်သိန်း ၁၈၀၀ ကျော်တန်ဖိုးရှိ တရားမဝင် စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ယာဉ်များ ဖမ်းဆီးရမိ

ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင် နှစ်ရက်အတွင်း ကျပ်သိန်း ၁၈၀၀ ကျော်တန်ဖိုးရှိ တရားမဝင် စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ယာဉ်များ ဖမ်းဆီးရမိ
Published 7 June 2024

ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင် နှစ်ရက်အတွင်း ကျပ်သိန်း ၁၈၀၀ ကျော်တန်ဖိုးရှိ တရားမဝင် စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ယာဉ်များ ဖမ်းဆီးရမိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ဇွန် ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် ကျပ် ၇၅၀၀၀၀၀ ခန့်တန်ဖိုးရှိ လယ်ထွန်စက်အပိုပစ္စည်း Two Wheel Tractor Oil Pump ၂၅၀၀ ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် ကျပ် ၂၂၆၅၉၀၀၀ ခန့်တန်ဖိုးရှိ CNC Pneummatic Forming Press Machine (Used) တစ်လုံးအပါအဝင် ကုန်ပစ္စည်းရှစ်မျိုးကိုလည်းကောင်း စုစုပေါင်းကျပ် ၃၀၁၅၉၀၀၀ ခန့် သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ကျပ် ၁၁၃၄၀၀၀၀ ခန့်တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် Ceramic Squatting Pan Toilet ၈၄၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းကျပ် ၄၅၀၀၀၀၀၀)၊ စုစုပေါင်းကျပ် ၅၆၃၄၀၀၀၀ ခန့် သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၅ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော်လမ်းဘေး တစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် ကျပ် ၂၅၂၀၀၀၀ ခန့်တန်ဖိုးရှိ Monosodium Glutamate ၂၅ ကီလိုဂရမ်ပါ ၂၁ အိတ် သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မုဒုံမြို့မှရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ ကျပ် ၄၅၀၀၀၀၀ ခန့်တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် LED Head Lamp ၁၅၀၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Bus တစ်စီး (ခန့်မှန်းကျပ် ၂၅၀၀၀၀၀၀)၊ စုစုပေါင်းကျပ် ၂၉၅၀၀၀၀၀ ခန့် သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) ပူးပေါင်းစစ်ဆေးရေးစခန်း၌ ယာဉ်တစ်စီးပေါ်မှ ကျပ် ၂၀၈၀၅၀၀ ခန့်တန်ဖိုးရှိ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၁၉၀ နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Light Truck တစ်စီး (ခန့်မှန်းကျပ် ၁၅၀၀၀၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေအရလည်းကောင်း၊ မြစ်ငယ်စစ်ဆေးရေးစခန်း၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဂျပန်နိုင်ငံထုတ် စက်ဘီး (Used) ၄၀၀ (ခန့်မှန်းကျပ် ၆၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းကျပ် ၄၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ စုစုပေါင်းကျပ် ၆၃၀၈၀၅၀၀ ခန့် သိမ်းဆည်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ဇွန် ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၁ မှုဖြစ်ပြီး ကျပ် ၁၈၁၅၉၉၅၀၀ ခန့်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။