ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဆေးကြောင်နေသည့် မြန်မာလူငယ်တစ်ဦးက ဆေးဖိုးငွေတောင်းမရသဖြင့် မိခင်အား ဓာဖြင့်ထိုးသတ်ပြီး မီးရှို့သတ်ဖြတ်

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဆေးကြောင်နေသည့် မြန်မာလူငယ်တစ်ဦးက ဆေးဖိုးငွေတောင်းမရသဖြင့် မိခင်အား ဓာဖြင့်ထိုးသတ်ပြီး မီးရှို့သတ်ဖြတ်
Published 15 May 2024

ထိုင်းနိုင်ငံ မဲဆောက်မြို့ ဝှေ့မုတ်ကျေးရွာတွင် ဆေးစွဲနေသည့် မြန်မာလူငယ်တစ်ဦးက ဆေးဖိုးငွေတောင်းမရသဖြင့် မိခင်အရင်းကို ဓားဖြင့်ထိုးသတ်ပြီး အလောင်းကို မီးရှိုခဲ့သည့်ဖြစ်ရပ်တစ်ခု မေ ၁၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆေးစွဲနေသည့်သားက မိခင်ထံမှ ဆေးဖိုးငွေတောင်းရာတွင် မပေးနိုင်သဖြင့် အချင်းချင်းစကားများပြီးနောက် သားဖြစ်သူက မိခင်အား ဓားဖြင့်ထိုးသတ်ပြီး အလောင်းကို ဓာတ်ဆီလောင်းမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသည့် မိခင်ဖြစ်သူမှာ အသက် ၄၉ နှစ်အရွယ်ရှိ မြန်မာလုပ်သားတစ်ဦးဖြစ်ပြီး သားဖြစ်သူမှာ အသက် ၂၃ နှစ်အရွယ်ရှိ မြန်မာလူငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။

 “ခုလိုရေခြားမြေခြား မြန်မာတွေရဲ့ စိတ်ညစ်နေရမှုတွေ သောကတွေ၊ ပရိဒေဝတွေကြားထဲက မိခင်အရင်းဖြစ်သူကို ဆေးကြောင်နေတဲ့သားက သတ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းဟာ ထိုင်းနိုင်ငံသားတွေရဲ့ မနှစ်မြို့စရာ၊ မြန်မာဆိုရင် မကြည့်ချင်တော့ဘူး၊ မြန်မာဆိုရင် CCTV တပ်ပြီး စောင့်ကြည့်ရမယ်ဆိုပြီး နောက်နောင်ဖြစ်လာတော့မယ်ဆိုတဲ့ အနေအထား။ ရေခြားမြေခြားမြန်မာတွေ ဘက်ပေါင်းစုံကနေ ကပ်ဆိုက်နေကြတယ်။ ဒုက္ခသုခတွေ ရောက်နေကြတယ်။ ဒီကြားထဲမှာ ဆေးဖိုးမရတာနဲ့ မိခင်အရင်းကို ရှင်းလင်းသတ်ဖြတ်လိုက်တယ်ဆိုတာက ပြောမယ်ဆိုရင်ဒီသားမျိုးက မွေးရကျိုးမနပ်တဲ့သားမျိုး။ ခွေးလောက်မှအသိမရှိတဲ့သားမျိုး ဆိုတာကို ပြောဖို့စကားလုံးတောင်ရှာမရတော့ဘူးဗျာ။ များစွာ ဝမ်းနည်းကြေကွဲဖြစ်ရပါတယ်။ ဒေါသလည်းဖြစ်ရတယ်။ နောက်နောင်ဒီလိုဆေးစွဲနေတဲ့ သားမျိုးတွေ့ရင် ဘေးပတ်ဝန်းကျင်က သက်ဆိုင်ရာလက်ထဲကို အချိန်မီသတင်းပေး၊ ထည့်ပေးဖို့လိုပါတယ်။ ဒါမှ ထပ်မဖြစ်တော့မှာပါ။ မိဘ၊ ဆွေမျိုး၊ အသိုင်းအဝိုင်းကဖြစ်စေ အားနာမနေပဲ သက်ဆိုင်ရာလက်ထဲထည့်ပေးကြပါ။ ဘာကြောင့်လဲဆိုတော့ ရေခြားမြေခြား မြန်မာတွေရဲ့ ပုံရိပ်က ကြီးကြီးမားမားထိခိုက်လို့ပါ” ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောကြားသည်။

သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ အလုပ်ကပြန်လာချိန် အိမ်ထဲတွင် မီးလောင်သေဆုံးနေသော ဇနီးဖြစ်သူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြား တိုင်ကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ဘက်က  သားဖြစ်သူကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။

Most Read

Most Recent