အင်တာမီလန်အသင်းအား အနိုင်ရသည့် ပယ်နယ်တီကန်သွင်းမှုကိုမကြည့်ဘဲ ရုပ်သံမှ ပရိသတ်များ၏ ပုံရိပ်ကိုသာ ကြည့်ရှုခဲ့ကြောင်း အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီ ဝန်ခံ

အင်တာမီလန်အသင်းအား အနိုင်ရသည့် ပယ်နယ်တီကန်သွင်းမှုကိုမကြည့်ဘဲ ရုပ်သံမှ ပရိသတ်များ၏ ပုံရိပ်ကိုသာ ကြည့်ရှုခဲ့ကြောင်း အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီ ဝန်ခံ
Photo: X
Photo: X
Published 14 March 2024

အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက အင်တာမီလန်အသင်းအား အနိုင်ရသည့် ပယ်နယ်တီကန်သွင်းမှုကို မကြည့်ဘဲ ရုပ်သံမှ ပရိသတ်များ၏ပုံရိပ်ကိုသာ ကြည့်ရှုခဲ့ကြောင်း ဝန်ခံပြောကြားသည်။

အက်သလက်တီကိုအသင်းသည် မတ် ၁၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အင်တာမီလန်အသင်းအား ပယ်နယ်တီအဆုံးအဖြတ် (၃-၂) ဂိုးဖြင့် အနိုင်ရကာ ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရခဲ့သည်။

အက်သလက်တီကိုအသင်းသည် ပထမအကျော့ အီတလီမြေ၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ထားသလို အိမ်ကွင်းပွဲတွင်လည်း အင်တာမီလန်ကစားသမား ဒီမာကို၏သွင်းဂိုးကြောင့် (၀-၁) ဂိုးဖြင့် ထပ်မံရှုံးနိမ့်နေခဲ့သည်။

အက်သလက်တီကိုအတွက် ချေပဂိုးကို ၃၅ မိနစ်တွင် ဂရီးဇ်မန်းနှင့် အဖိုးတန်အနိုင်ဂိုးကို လူစားဝင်ကစားသမား ဒီပိုင်းက ၈၇ မိနစ်တွင်  သွင်းယူပေးခဲ့သည်။

ထို့ကြောင့် (၂-၂) ဂိုးဖြင့် သရေကျနေသဖြင့် အချိန်ပို၊ ပယ်နယ်တီအထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး ပယ်နယ်တီကန်ရာတွင် အင်တာမီလန်အသင်းမှ ဆန်းချက်ဇ် နှင့် ကလက်ဆန်၏ကန်သွင်းမှုကို အက်သလက်တီကိုဂိုးသမား အိုဘလက်ခ်ကာကွယ်နိုင်ခဲ့သလို နောက်ဆုံးကန်သွင်းသူ လော်တာရိုမာတီနက်ဇ်၏ကန်သွင်းမှု ဘားတန်းကျော်သွားသဖြင့် အက်သလက်တီကိုအသင်းက (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပွဲအပြီးတွင် စပိန်ရုပ်သံ Movistar က ပယ်နယ်တီကန်သွင်းမှုအကြောင်း မေးမြန်းရာ ဆီမြွန်နီက ''ကျွန်တော် မကြည့်လိုက်ပါဘူး။ အဲဒီလိုကြည့်ရတာ ကျွန်တော့်အတွက် အဆင်မပြေပါဘူး။ အဲဒါကြောင့် မကြည့်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တာပါ။ ဂျန် (အိုဘလက်ခ်) က ဂုဏ်ပြုမှုနဲ့ ထိုက်တန်ပါတယ်။ ပယ်နယ်တီတွေက ကျွန်တော်တို့အတွက် အမြဲတမ်းခက်ခဲပါတယ်။ တီဗီက ပရိသတ်တွေရဲ့ ပုံရိပ်ကိုပဲ ကျွန်တော်ကြည့်နေခဲ့တယ်။ အဲဒါက စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဒီနေ့လိုပုံစံမျိုး လုပ်နိုင်တဲ့အခါ မျှော်လင့်ချက်တွေ တိုးလာပါတယ်။ ပြီးတော့ အဲဒီစိတ်လှုပ်ရှားမှုကို ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်တို့က ဥရောပရဲ့အကောင်းဆုံး ရှစ်သင်းစာရင်းထဲကို နောက်တစ်ကြိမ်ရောက်လာခဲ့ပါပြီ။ အဲဒီအကြောင်းကို အသင်းတော်တော်များများက ပြောနေကြပါပြီ'' ဟု ပြောကြားသည်။

ထို့ပြင် ပယ်နယ်တီဖြင့် ရှုံးနိမ့်ခဲ့သည့် အင်တာမီလန်အသင်းနှင့်ပတ်သက်၍ ဆီမြွန်နီက ''သူတို့က မယုံနိုင်စရာကောင်းတဲ့အသင်းပါ။ သူတို့ကစားတာကောင်းတယ်။ အရမ်းမြန်တယ်။ ပြတ်သားမှုရှိတယ်။ ရှေ့တန်းက အရမ်းကြိုးစားပါတယ်။ (နောက်ခံလူ) ဆာဗစ်၊ မာရီယို (ဟာမိုဆို)၊ အိတ်ဇယ် (ဗစ်ဆဲလ်) တို့လည်း ပွဲကောင်းတစ်ပွဲအဖြစ် ကစားနိုင်ခဲ့တယ်။ သူတို့က သူတို့ပုံစံအတိုင်းကစားနိုင်ခဲ့ကြတယ်။ သူတို့က ဥရောပရဲ့အကောင်းဆုံးအသင်းတစ်သင်းပါ'' ဟု ချီးကျူးပြောကြားခဲ့သည်။

 

Most Read

Most Recent