တေးသီချင်းများ ရိုက်ကူးထုတ်လွှင့်ပြသခြင်းမပြုမီ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့ထံသို့တင်ပြကာ ခွင့်ပြုချက်ယူရမည်ဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ထုတ်လွှင့်ပြသပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်

တေးသီချင်းများ ရိုက်ကူးထုတ်လွှင့်ပြသခြင်းမပြုမီ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့ထံသို့တင်ပြကာ ခွင့်ပြုချက်ယူရမည်ဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ထုတ်လွှင့်ပြသပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်
Published 23 February 2024

တေးသီချင်းများ ရိုက်ကူးထုတ်လွှင့်ပြသခြင်းမပြုမီ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့ထံသို့တင်ပြကာ ခွင့်ပြုချက်ယူရမည်ဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ထုတ်လွှင့်ပြသပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ​ ၂၃ ရက်ထုတ်နိုင်ငံပိုင်းသတင်းစာများတွင် ထုတ်ပြန်ကြေညာထားသည်။

ထုတ်ပြန်ချက်တွင် ပြန်ကြားရေးဝန်ကြီးဌာနသည် ၁၉၉၆ ခုနှစ်၊ ရုပ်ရှင် ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၁၃၊ ပုဒ်မ ၃၃ နှင့် ၁၉၉၆ ခုနှစ်၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၂၄၊ ပုဒ်မ ၃၂၊ ပုဒ်မ ၃၆ တို့အရ ဇာတ်ကား၊ ဇာတ်လမ်းတွဲ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား၊ တေးသီချင်း၊ ကြော်ငြာတို့ကို ချမှတ်ထားသောမူဝါဒများနှင့် ညီညွတ်မှု ရှိမရှိ ကြည့်ရှုစစ်ဆေးခြင်း၊ ဖြတ်တောက်ခြင်း၊ ပြုပြင်ခြင်း၊ ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပြဋ္ဌာန်းချက်များအား လိုက်နာမှုမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ၊ ယခုအခါတွင် အချို့သော တေးသီချင်းရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရှိစေရန်အတွက် မြန်မာ့ ယဉ်ကျေးမှုနှင့်ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်းအတူ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေသည်ကို တွေ့ရှိရသဖြင့် အဆိုပါ ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့ပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယင်းကြောင့် တေးသီချင်းများကို အရုပ်နှင့်အသံ ထွက်ပေါ်စေလျက် နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့်ပြသခြင်းများဆောင်ရွက်ခြင်းမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့သို့တင်ပြပြီး စစ်ဆေးခွင့်ပြုချက်ရယူဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ထိုကဲ့သို့တင်ပြခြင်းမရှိဘဲ ထုတ်လွှင့်ပြသခြင်းများ ဆောင်ရွက်မည်ဆိုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ကို သတိပေးကြေညာအပ်ကြောင်း  ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Most Read

Most Recent