အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး မဲဆန္ဒရှင်စာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး နေပြည်တော်တွင် ကျင်းပ

အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး မဲဆန္ဒရှင်စာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး နေပြည်တော်တွင် ကျင်းပ
Published 16 February 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကို၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးသည် ရွေးကောက်ပွဲအတွက် အရေးအကြီးဆုံးဖြစ်ကြောင်း၊၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်းများ မှားယွင်းမှုရှိခဲ့သည့်အတွက် ကော်မရှင်အနေဖြင့် မဲစာရင်းပြည့်စုံမှန်ကန်ရေးကို အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်လည်း မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးကို အလေးထားသည့်အတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကော်မတီများကို ဗဟို၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အဆင့်ထိ ဖွဲ့စည်းပေးခဲ့ပြီး ဆောင်ရွက်စေခဲ့ကြောင်း၊ ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့အနေဖြင့် မဲစာရင်းပြုစုရာတွင် လိုအပ်သည့် လိုအပ်ချက်များ အဆင်ပြေစေရေး ညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြေပြင်စာရင်းကောက်ယူရေး ကော်မတီဖွဲ့စည်းမှုနှင့်ဆောင်ရွက်ခဲ့မှု၊ မြေပြင်စာရင်းကောက်ယူရရှိမှုအခြေအနေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လူဦးရေစာရင်း (ပထမမူကြမ်း) ပေးပို့ခဲ့မှုအခြေအနေ၊ ဆန္ဒမဲပေးရာတွင် အဓိကကျသည့် နိုင်ငံသားစိစစ်ခြင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်များဆောင်ရွက်မှု၊ နိုင်ငံရေးပါတီများ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ပါတီဝင်အင်အား စိစစ်မှုအခြေအနေ၊ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်နှင့်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့်ရရှိရေးအတွက် ကျန်လပ်မှုမရှိစေရန် ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီးဆောင်ရွက်မည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ရာတွင် တွေ့ ရှိရသည့် လိုအပ်ချက်များကို တင်ပြရာ UEC ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent