မြန်မာ့အရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရပ်သားအစိုးရထံ ပြန်သွားရေးလမ်းကြောင်းကို ဖော်ဆောင်ရန် နစကအား တိုက်တွန်း

မြန်မာ့အရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရပ်သားအစိုးရထံ ပြန်သွားရေးလမ်းကြောင်းကို ဖော်ဆောင်ရန် နစကအား တိုက်တွန်း
Published 13 February 2024

မြန်မာ့အရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတိုနီဘလင်ကင်နှင့် ထိုင်းဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟစ်ဒါနူခါရာတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရပ်သားအစိုးရထံ ပြန်သွားရေးလမ်းကြောင်းကို ဖော်ဆောင်ရန် နိုင်ငံတော်စီမံမအုပ်ချုပ်ရေးကောင်စီအား တိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် ထိုင်းဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟစ်ဒါနူခါရာတို့သည် ဖေဖော်ဝါရီ ၁၂ ရက်တွင် ၀ါရှင်တန်မြို့၌ တွေ့ဆုံခဲ့ကြရာတွင် မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၎င်းတို့နှစ်ဦးတွေ့ဆုံရာတွင် အမေရိကန်နှင့်ထိုင်းအရေးကိစ္စများကိုသာ ထိုင်းအိမ်နီးချင်းမြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ပဋိပက္ခများအကြောင်းကိုလည်း ဆွေးနွေးခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံနှင့်ဒေသတွင်း၌ နေရပ်စွန့်ခွာသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို တိုးချဲ့ပေးအပ်ရန် အရေးတကြီးလိုအပ်နေပုံကိုလည်း ၎င်းတို့နှစ်ဦးက ဆွေးနွေးခဲ့သည်။

ထို့အပြင် သက်ဆိုင်ရာအဖွဲ့အားလုံးပါဝင်သည့် အပြန်အလှန်ဆွေးနွေးမှုကို ဖော်ဆောင်ရန်၊ မတရားထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးရန်၊ အကြမ်းဖက်မှု အဆုံးသတ်ရန် ၎င်းတို့နှစ်ဦးက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီအရပ်သားအစိုးရထံ ပြန်သွားရေးလမ်းကြောင်းကို ဖော်ဆောင်ရန်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟစ်ဒါနူခါရာတို့က နစကကို တိုက်တွန်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွင်းတိုက်ပွဲရှောင် ပြည်သူ ၂၀၀၀၀ နှင့် ဒေသခံပြည်သူများကို အစားအစာနှင့်ဆေးဝါးများ ပေးပို့ရန် ဖေဖော်ဝါရီလကုန်ပိုင်းတွင် မဲဆောက်-မြဝတီနယ်စပ်ဂိတ်အနီးရှိ ထိုင်း-မြန်မာနယ်စပ်၌ လူသားချင်းစာနာမှုဆိုင်ရာ ဘေးကင်းရေးဇုန် ထူထောင်ရန် စီစဉ်ထားသည်ဟု ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖူအန်ခက်ကောက ပြောကြားထားသည်။

ယင်းအစီအစဉ်သည် တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ PDF များအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ရန် မအောင်မမြင်ဖြစ်နေသော အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို  တိုးတက်မှုရရှိစေလိမ့်မည်ဟု မစ္စတာဆီဟာဆက်က ဆိုသည်။

နောက်ဆုံး ရည်ရွယ်ချက်မှာ ပဋိပက္ခကို ထိန်းချုပ်နိုင်စေရန်နှင့် စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းများ ပွင့်လာစေရန် ဖြစ်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံ နောက်ထပ် မတည်မငြိမ်ဖြစ်နေတာကို ကျွန်တော်တို့ မမြင်ချင်တော့ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ ယခုဆောင်ရွက်မည့် လုပ်ငန်းစဉ်သည် ထိရောက်မည်ဖြစ်ပြီး ယုံကြည်စိတ်ချရကာ ပွင့်လင်းမြင်သာမှုရှိမည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးတို့က လွန်ခဲ့သောသီတင်းပတ်တွင် အတည်ပြုပေးခဲ့သော အစီအစဉ်ကြောင့် အာဆီယံ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ထိုင်းနှင့်မြန်မာ ကြက်ခြေနီအဖွဲ့များက ထောက်ပံ့ရေးပစ္စည်းများကို မြေပြင်တွင် ပေးအပ်နိုင်လာလိမ့်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူပြီးကတည်းက ပဋိပက္ခဖြစ်ပွားလျက်ရှိသော နိုင်ငံဖြစ်သည်။  အနည်းဆုံးပြည်သူ ၂ ဒသမ ၆ သန်းသည် တိုက်ပွဲရှောင်နေရပြီး ပြည်သူ ၁၈ သန်းကျော်သည် အကူအညီများ လိုအပ်လျက်ရှိသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီလထဲတွင် တပ်မတော်ဗိုလ်ချုပ်ကြီးများက သဘောတူခဲ့သော အာဆီယံ၏ ငြိမ်းချမ်းရေးအစီအမံသည် နစက၏ ဖြည့်စွက်ဆောင်ရွက်မှုမရှိခြင်းကြောင့် တိုးတက်မှုမရဖြစ်နေသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ကြီးကလည်း စိတ်ပျက်လျက်ရှိသည်။ အာဆီယံငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကအပိုင်းမှာ ပဋိပက္ခဖြစ်နေသော အဖွဲ့အစည်းများ စေ့စပ်ဆွေးနွေးရေးသည် အဓိကအချက်ဖြစ်သည်။

ထိုုင်းနိုင်ငံကဦးဆောင်သော အစီအမံသည် နစက၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၊ NUG၊ PDF တို့ပါဝင်သော ဆွေးနွေးမှုများကို ဦးတည်သွားစေနိုင်သည်ဟု မစ္စတာဆီဟာဆက်က ပြောကြားခဲ့သည်။

Most Read

Most Recent