ပညာရေး ... ပညာရေး ... ပညာရေး

ပညာရေး ... ပညာရေး ... ပညာရေး
Published 12 February 2024

ပညာရေးဟူသည် လူမှုသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီး သင်ကြားခြင်း၊ သင်ယူခြင်းများနှင့် ဆက်နွှယ်နေသည့် ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းစဉ်များ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် လက်ဆုပ်လက်ကိုင် မပြနိုင်သည့်၊ နက်နဲသိမ်မွေ့သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများကိုပေးသော လုပ်ငန်းစဉ်တစ်ရပ်လည်းဖြစ်သည်။ သတင်းအချက်အလက်နှင့် နည်းပညာခေတ်ကြီး၌ ပညာဗဟုသုတများကို ကျွမ်းဝင်စေရန် ကြိုးပမ်း အားထုတ်နေကြရရုံမျှမက ထိုပညာရပ်များကို ကောင်း၊ မကောင်း မှန်၊ မမှန် ဆုံးဖြတ်နိုင်ရေးသည်လည်း အရေး ကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လာသည်။ ထို့ပြင် မိမိတို့လိုချင်သည့် အချက်အလက်များကို နှိုက်ယူနိုင်စွမ်းနှင့် မည်သည့်နေရာတွင်ရှိနေမှန်း သိနိုင်သည့်အသိတရားသည်လည်း ပညာဟုဆိုရပေလိမ့်မည်။ ထို့ပြင် ပညာရေးဆိုသည်မှာ မျိုးဆက်တစ်ဆက်မှ နောက်မျိုး ဆက်တစ်ဆက်သို့ အဆင့်ဆင့်လက်ဆင့်ကမ်းနိုင်စွမ်း ရှိရေးအတွက် ရည်မှန်းချက်လည်း ရှိရမည်ဖြစ်သည်။ ပညာရေး၏ရည်မှန်းချက်သည် တစ်ဦးတစ်ယောက်၏ အကြံဉာဏ်စိတ်ကူးများကို အခြားတစ်ဦးတစ်ယောက်သို့ လွှဲပြောင်းပေးရန် သို့မဟုတ် တစ်ယောက်မှတစ်စုသို့ လွှဲပြောင်းပေးရန်ဖြစ်သည်။

ပညာရေးသည် တန်ဖိုးရှိသောရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်သည်။ ဆင်းရဲသောတိုင်းပြည်နှင့် တိုးတက်ဖွံ့ဖြိုးသောတိုင်းပြည်တို့အကြားတွင် ပညာရေး၏ကွာဟမှုမြင့်မားခြင်းကို တွေ့ရပေလိမ့်မည်။ နိုင်ငံတစ်နိုင်ငံတိုးတက်ရေးအတွက် အဓိကလုပ်ဆောင်ကြရသော ကဏ္ဍများတွင် ပညာရေးကဏ္ဍသည် ထိပ်ဆုံးမှပါဝင်သည် ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရသည့်အခါ ရေတိုပြုပြင်ပြောင်းလဲမှုနှင့် ရေရှည်ပြုပြင်ပြောင်းလဲမှုတို့ကို ချိန်သားကိုက်လုပ်ဆောင်နိုင်မှသာ သိသာသောရလဒ်ကို ရပေလိမ့်မည်။ ပညာရေးကဏ္ဍကို ပြောင်းလဲရာ၌  အတိမ်းအစောင်းအနည်းငယ်သည်ပင်လျှင် ကြီးစွာသော သက်ရောက်မှုမျိုးကို ဖြစ်စေနိုင်သည်။ နိုင်ငံရေးသည် ကျောင်းခန်းထဲမှလာသည်။ တိုင်းပြည်၏အနာဂတ်ခေါင်း ဆောင်များသည် စာသင်ခန်းများအတွင်းမှ ထွက်ပေါ်လာကြသည်။ ထို့ကြောင့် အမြော်အမြင်ကြီးမားသော ခေါင်းဆောင်တိုင်းသည် ပညာရေးတိုးတက်အောင် မဖြစ်မနေကြိုးစား လုပ်ဆောင်ခဲ့ကြသည်။

ပညာတတ်များ နေရာရနေသော၊ ပညာရှင်များ ပေါများသောနိုင်ငံသည် ချမ်းသာကြွယ်ဝလေ့ရှိသည်။ ဆင်းရဲသောတိုင်းပြည်များအနေဖြင့် အနာဂတ်အတွက် ရည်မျှော်၍ ပညာတတ်များကို များနိုင်သမျှ များများပေါ်ထွက်စေရန် မွေးမြူတတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ပညာမဲ့များသော ပညာသင်ကြားခွင့်ရရှိမှု အခြေအနေနိမ့်ပါးသော နိုင်ငံသည် ဆင်းရဲမွဲတေသည်။ ယူနက်စကို၏ လေ့လာချက်တစ်ရပ်တွင် ဆင်းရဲမွဲတေမှုနှင့် ပညာသင်ကြားခွင့်ရရှိမှုတို့အကြား ဆက်နွှယ်မှုစစ်ဆေးချက်ပါရှိခဲ့သည်။ ယင်းစစ်ဆေးချက်တွင် ကလေးများနှင့် မြီးကောင်ပေါက်အရွယ်တို့ ပညာရေးမပြီးဆုံးခင် ကျောင်းမှထွက်ရသည့်နှုန်း မြင့်မားသောကြောင့် ကမ္ဘာ့ဆင်းရဲမွဲတေမှုနှုန်းသည်လည်း ကျဆင်းရန် လမ်းမမြင်ဖြစ်ရသည်ဟု ဆိုထားသည်။

ကျောင်းမှထွက်ခဲ့ရသည့် လူအများစုသည် ပို၍ဆင်းရဲသောနိုင်ငံများတွင် နေထိုင်ကြ သူများဖြစ်ကြောင်းတွေ့ရပြီး ယင်းနိုင်ငံများသည်ယေဘုယျအားဖြင့် ဝင်ငွေပို၍နိမ့်ပါးသော နိုင်ငံများဖြစ်ကာ အာဖရိက၊ ဗဟိုအာရှနှင့် တောင်အာရှ၊ အရှေ့ပိုင်းအာရှနှင့် အရှေ့တောင်အာရှ၊ အာရှအနောက်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသများရှိ နိုင်ငံများဖြစ်ကြ သည်။ သေချာသည်မှာ ပညာရေးနှင့် ယင်းပညာရေးကို ရရှိနိုင်မှုအခွင့်အလမ်းနိမ့်ပါးခြင်းက စီးပွားရေးဆိုင်ရာတိုးတက်ဖြစ်ထွန်းစေမှုအပေါ် အတားအဆီးဖြစ်နေပေသည်။ ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှုမရှိလျှင် ဆင်းရဲမွဲတေမှုလျှော့ချရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ဖွံ့ဖြိုးမှုနှောင့်နှေးနေသည့် မြန်မာနိုင်ငံတွင်လည်း ပညာရေး ကဏ္ဍကို မလွဲမသွေပြုပြင်ရန် လိုအပ်နေပေသည်။

ပညာရေးသည် အရေးကြီးပြီး ပညာရည်မြင့်မားသောတိုင်းပြည်တွင် ပြည်သူများ၏ ပျော်ရွှင်၍တည်ငြိမ်သောဘဝတွေ ဖန်တီးပေးနိုင်မည်။ အနာဂတ်အတွက် အာမခံချက်ပေးနိုင်မည်။ ဝင်ငွေမြင့်မားပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပို၍များပြားသည်။ တန်းတူညီမျှ အခွင့်အရေးပေးသည့် တရားမျှတမှု ပိုမိုဖြစ်ထွန်းစေပြီး ဆင်းရဲချမ်းသာနှင့် လူတန်းစားခြားနားမှုကိုဖယ်ရှားနိုင်မှု အားကောင်းစေသည်။ ထို့ပြင် ဘဝရည်မှန်းချက်များနှင့် စိတ်ကူးပုံဖော်လိုမှုများအတွက် အထောက်အပံ့ဖြစ်စေသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း အရေးကြီးသောပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုကို လျင်လျင်မြန်မြန် လုပ်ဆောင်၍ စမ်းသပ်ခံကာလများဖြင့် လုံးချာလိုက်နေမှုကို အဆုံးသတ်ရန် လိုနေပေသည်။ ထိုသို့လုပ်ဆောင်ရာတွင် ရေတိုရေရှည်စီမံကိန်းများဖြင့် မှန်ကန်သင့်တော်သော မူဝါဒများချမှတ်နိုင်ရန် အရေးကြီးမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

Most Read

Most Recent