နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲ ပြန်လည်ကျင်းပမည်

နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲ ပြန်လည်ကျင်းပမည်
Published 6 February 2024

သုံးနှစ်ကြာရပ်နားထားသော မော်လမြိုင်မြို့၏ နှစ်ပေါင်း (၁၀၀) ကျော်သက်တမ်းရှိ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ဖေဖော်ဝါရီတတိယပတ်အတွင်း ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းတွင် မြို့တွင်းသတ်မှတ်ထားသည့် လမ်းများအတိုင်း လေးရက်တာ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း မောင်ငံရပ်ကွက်မှ နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲ ကျင်းပရေးကော်မတီဝင်တစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မော်လမြိုင်မြို့ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို မကျင်းပဖြစ်တာ သုံးနှစ်ရှိပြီပေါ့။ ဒီနှစ်မှ ပြန်လည်ကျင်းပဖြစ်မှာပါ။ ဘုရားတွေလှည့်ဖို့ မော်တော်ယာဉ်တွေကိုလည်း ပြင်ဆင်နေကြပြီလို့ သိရတယ်” ဟု ပြောကြားသည်။

မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်အပူဇော်ခံပွဲကို မော်လမြိုင်မြို့တွင်း၌ ပထမရက်အဖြစ် ကျောက်တန်းရပ်ကွက်မှ အောက်လမ်းမကြီးတစ်လျှောက် ဘိုကုန်းရပ်ကွက် သံလွင်ဟိုတယ်အထိလည်းကောင်း၊ ဒုတိယရက်အဖြစ် ငန်းတေးရပ်ကွက်မှ မြိုင်သာယာရပ်ကွက်လမ်းအတိုင်း စျေးကြိုအဝိုင်းအထိ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

တတိယရက်တွင် ဇေယျာသီရီရပ်ကွက် လမ်းမကြီးမှ ဒေါ်လန်းရပ်အနီးအထိလည်းကောင်း၊ စတုတ္ထရက်တွင် သာသနာ့ဗိမာန်တော်ကြီးမှ ကျိုက်သုတ်ဘုရားအထိ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကို ၁၉၁၆ ခုနှစ်တွင် ပန်းဘဲတန်းရပ်ကွက်မှစတင်ကာ ကုသလဝါယမအသင်းက ဦးဇိနစေတီတော်ကို ဘုရားမီးပူဇော်ရန် ရည်ရွယ်ချက်ဖြင့် စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကာလက အထမ်းဖြင့် ဘုရားများကို လှည့်လည်ပူဇော်ခဲ့ကြပြီး ၁၉၄၆ ခုနှစ်မှ စတင်ပြီး မော်လမြိုင်အမတ် သခင်သင်းလှိုင်တို့ ဦးစီးပြီး မြို့လုံးကျွတ်လှည့်လည်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် နှစ်စဉ် တပို့တွဲလဆန်းကာလအတွင်း ကျင်းပလေ့ရှိကြောင်း သိရသည်။

Most Read

Most Recent