ပဲခူးမြို့နယ် ပဲခူး-သနပ္ပင်လမ်းဆုံတွင် DSRB အမည်ရှိ အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်ခြောက်ဦးကို ၁၀၇ မမရှော့တိုက်ဒုံး ၁၀ လုံး၊ ၄၀ မမ လက်လုပ်ဗုံးပစ် လောင်ချာတစ်လက်နှင့်အတူ ဖမ်းဆီးရမိ

ပဲခူးမြို့နယ် ပဲခူး-သနပ္ပင်လမ်းဆုံတွင် DSRB အမည်ရှိ အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်ခြောက်ဦးကို ၁၀၇ မမရှော့တိုက်ဒုံး ၁၀ လုံး၊ ၄၀ မမ လက်လုပ်ဗုံးပစ် လောင်ချာတစ်လက်နှင့်အတူ ဖမ်းဆီးရမိ
Published 5 February 2024

ပဲခူးမြို့နယ် ပဲခူး-သနပ္ပင်လမ်းဆုံတွင် Dark Side Revolution Burma-DSRB အမည်ရှိ အဖွဲ့တစ်ဖွဲ့မှအဖွဲ့ ဝင်ခြောက်ဦးကို ၁၀၇ မမရှော့တိုက်ဒုံး ၁၀ လုံး၊ ၄၀ မမ လက်လုပ်ဗုံးပစ် လောင်ချာတစ်လက်နှင့်အတူ ဖေဖော်ဝါရီ ၂ ရက်က ဖမ်းဆီးရမိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်အရ Dark Side Revolution Burma-DSRB အဖွဲ့သည် ဖေဖော်ဝါရီ ၃ ရက်ညပိုင်းတွင် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်စီစဉ်လျက်ရှိကြောင်း ပြည်သူအချို့၏ သတင်းပေးပို့ချက်အရ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် နေ့လယ်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကမာနတ်ခကျေးရွာအနီး ပဲခူး-သနပ္ပင်လမ်းဆုံ၌ ယာဉ်အမှတ်၊ RLG-4563 Nissan March ခဲရောင်မော်တော်ယာဉ်ပေါ်မှ Dark Side Revolution Burma-DSRB အဖွဲ့ဝင်များဖြစ်သည့် ထက်နောင်နောင် (ခ)နောင်နောင်၊ အောင်နိုင်မျိုး၊ ကျော်ကျော်၊ လှဦး၊ ကေသီနှင့် ဥူးသောဘန(ခ) သာကျော်ဌေးတို့ ခြောက်ဦးအား KIA အဖွဲ့မှ ထုတ်လုပ်သည့် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ စနက်တံ ၁၀ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးရမိသူ အောင်နိုင်မျိုး၏ ထွက်ဆိုချက်အရ ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်၊ ရေတံခါးတာဝကျေးရွာရှိ ၎င်း၏ နေအိမ်ခြံဝန်းအတွင်း၌ လက်နက်/ခဲယမ်းများ သိမ်းဆည်းထားကြောင်းသိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေခဲ့ရာ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ တစ်လက်၊ လက်လုပ်ရှေ့ထွက်မိုင်း တစ်လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် အမျိုးသားငါးဦး၊ အမျိုးသမီးတစ်ဦးတို့အား KIA အဖွဲ့မှ ထုတ်လုပ်သည့် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ စနက်တံ ၁၀ ခု၊ ၄၀ မမ လက်လုပ်ဗုံးပစ် လောင်ချာတစ်လက်၊ လက်လုပ်ရှေ့ထွက်မိုင်း တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမည့်ညတွင် ပြည်သူများထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်လျက် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့်နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန်စေခိုင်းခဲ့ကြောင်း၊ သိမ်ဇရပ်မြို့အဝင်တွင် ရှိုင်းဝေ (ခ) RI ထံမှ ၁၀၇ မမ ရှော့တိုက်ဒုံးများအား သွား‌ရောက်ယူဆောင်၍ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ အဆိုပါ ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်နေရာများအား ပစ်မှတ်ထား ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိရကြောင်းနှင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း နစက၏  သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

Most Read

Most Recent