ချယ်လ်ဆီးအသင်း၏နည်းပြ ပိုချက်တီနိုက လီဗာပူးလ်အသင်းနှင့် ပြန်လည်ရင်ဆိုင်ရမည့် လိဂ်ဖလားဗိုလ်လုပွဲ၌ မိမိတို့ကို ခြားနားသည့်ပုံစံဖြင့် မြင်တွေ့ရမည်ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်၌ လီဗာပူးလ်အသင်းကို အဝေးကွင်းတွင် (၁-၄)ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
ထို့ကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ (၉)ပွဲ မြောက် ရှုံးပွဲကြုံတွေ့ခဲ့သလို၊ လီဗာပူးလ်အသင်းကိုလည်း ပြိုင်ပွဲစုံနောက်ဆုံး(၈)ပွဲဆက်တိုက် အနိုင်မရခြင်းဖြစ်ခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ လီဗာပူးလ်အသင်းနှင့် နှစ်ကျော့စလုံး ယှဉ်ပြိုင်ကစားခဲ့ပြီးပြီဖြစ်ပြီး ပထမအကျော့အိမ်ကွင်းပွဲတွင် (၁-၁)ဂိုးဖြင့် သရေကျခဲ့သည်။
၎င်းတို့သည် လာမည့် ဖေဖော်ဝါရီ(၂၅)ရက်နေ့၌ ဝင်ဘလေကွင်းတွင် လိဂ်ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယင်းအတွက် ပိုချက်တီနိုက "ဝင်ဘလေမှာ ယှဉ်ပြိုင်ရမယ့်ပွဲက ကြားကွင်းဖြစ်တာကြောင့် ခြားနားမှုရှိမှာ သေချာပါတယ်။ ကစားသမားတွေရဲ့ ခံစားချက်ကလည်း ခြားနားပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ပွဲကလို ယှဉ်ပြိုင်ခဲ့ရင်တော့ တူညီတဲ့ရလဒ်ပဲ ထွက်ပေါ်လာမှာ သေချာပါတယ်။ ကျွန်တော်တို့ တိုးတက်မှုမရှိဘူးဆိုရင်လည်း အခက်တွေ့မှာပါ။ ဒါပေမဲ့ ပွဲတိုင်းက ခြားနားမှုရှိပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ပွဲကနေ သင်ယူပြီး တိုးတက်မှုရှိအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို တွန်းအားပေးပြီး ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်၌ လိဂ်ဖလားပြိုင်ပွဲအတွက် ဗိုလ်စွဲရန် အလေးပေးမှုတွင် လီဗာပူးလ်အသင်းက (၆း၁၁)လေးဖြင့် အပြတ်အသတ်ရေပန်းစားနေပြီး ချယ်လ်ဆီးအသင်းက (ရး၄)လေးသာရရှိထားသည်။ လီဗာပူးလ်အသင်းသည် လိဂ်ဖလားပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းလည်းဖြစ်သည်။