■ FA ဖလား စတုတ္ထအဆင့် ပွဲကြိုသုံးသပ်ချက်

■ FA ဖလား စတုတ္ထအဆင့် ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 26 January 2024

ဘရစ္စတိုးလ်စီးတီး - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် နံနက် ၂:၁၅ နာရီ)

ဘရစ္စတိုးလ်စီးတီးက ဒီအဆင့်ကို ဝက်စ်ဟမ်းကို ကျော်ဖြတ်ပြီး တက်လာခဲ့တာပါ။ ဝက်စ်ဟမ်းကိုလည်း အိမ်ကွင်းမှာ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ ကျော်ဖြတ်ခဲ့တာဖြစ်တယ်။ အခုလည်း ဝက်စ်ဟမ်းလိုပဲ ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ နော်တင်ဟမ်ကို အိမ်ကွင်းမှာ အခက်အခဲတွေ့အောင်လုပ်ဖို့ ပြင်ဆင်ထားလိမ့်မယ်။ နော်တင်ဟမ်ဖောရက်စ်က နူနိုလက်ထက်မှာ သိသိသာသာတိုးတက်လာခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲတုန်းကလည်း ရှုံးပေမဲ့ ပုံစံကောင်းပြနိုင်ခဲ့တယ်။ ဒီပွဲကတော့ နော်တင်ဟမ် သရေလောက်ပဲ ရမယ်။ 



ရှက်ဖီးဝင်းစ်ဒေး - ကိုဗင်ထရီ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် နံနက် ၂:၁၅ နာရီ)

ရှက်ဖီးဝင်းစ်ဒေးက လိဂ်ချန်ပီယံရှစ်မှာ ရလဒ်ဆိုးနေတဲ့အသင်းဖြစ်ပြီး ဒီပြိုင်ပွဲမှာတော့ ကာဒစ်ဖ်အသင်းကို (၄)ဂိုးပြတ်နိုင်ပြီး ဒီအဆင့်အထိ တက်လာခဲ့တာဖြစ်တယ်။ နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲမှာ ကိုဗင်ထရီနဲ့ပဲ ကစားထားပြီး အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့တယ်။ ရလဒ်ကျဉ်းမြောင်းခဲ့သလို ခြေသိပ်မကွာခဲ့တာကိုလည်း တွေ့ရတယ်။ ကိုဗင်ထရီကတော့ လိဂ်ချန်ပီယံရှစ် အဆင့် (၆)နေရာက အသင်းဖြစ်ပြီး ရလဒ်တွေဆက်တိုက် ကောင်းနေတယ်။ ဒီပွဲလည်း နိုင်ပွဲဆက်ယူဦးမှာပဲ။ 



ချယ်လ်ဆီး - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် နံနက် ၂:၁၅ နာရီ)

မစ်ဒယ်ဘရော့ကို တစ်ပွဲဖောက်ပြီး ရှုံးခဲ့တာကလွဲရင် ချယ်လ်ဆီးအသင်းရဲ့ကစားပုံက သိသိသာသာ တိုးတက်လာတယ်။ ရလဒ်ပိုင်းတွေလည်း တော်တော်လေး ကောင်းလာတယ်။ အထူးသဖြင့် အိမ်ကွင်း စတမ်းဖို့်ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီး ဂိုးမြူးလာတာ တွေ့ရတယ်။ အက်စတွန်ဗီလာက နောက်ပိုင်းပွဲတွေမှာ စွမ်းဆောင်ရည်ကျဆင်းလာတာ သိသာပါတယ်။ ဘန်လေနဲ့ မစ်ဒယ်ဘရော့တို့ကိုနိုင်တဲ့ နှစ်ပွဲစလုံးမှာ အသင်းရဲ့ခြေစွမ်းက အကောင်းဆုံးပုံစံမှာ ရှိမနေသလို၊ တခြားပွဲတွေမှာလည်း ရလဒ်တွေက အားနည်းနေတာ တွေ့ရတယ်။ ချယ်လ်ဆီးက အခုအချိန်မှာ ရလဒ်တွေ ပိုကောင်းနေတယ်ဆိုပေမဲ့ ချယ်လ်ဆီး နိုင်ခဲ့တဲ့ပွဲတွေကို ကြည့်ရင် အသင်းတွေက အောက်အသင်းတွေများတယ်။ အက်စတွန်ဗီလာကိုသာ အနိုင်ကစားနိုင်ရင် ချယ်လ်ဆီးက ယုံကြည်မှု ပိုရှိလာမယ်။ အားကောင်းတဲ့ အသင်းတစ်သင်းကို စနိုင်တဲ့ပွဲ ဖြစ်လာမယ်။ ချယ်လ်ဆီးအသင်းအတွက် ဒီပွဲက တော်တော်အရေးကြီးပါတယ်။ ချယ်လ်ဆီး နိုင်ပွဲယူနိုင်လိမ့်မယ်။ 



စပါး - မန်စီးတီး (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် နံနက် ၂:၃၀ နာရီ)

စပါးက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မန်ယူနဲ့ သရေကျခဲ့တယ်။ တကယ်တော့ စပါးက ပိုကောင်းခဲ့ပြီး နိုင်သင့်တဲ့ပွဲတစ်ပွဲလို့ ဆိုနိုင်တယ်။ စပါးတိုက်စစ်ပိုင်းက ကစားသမားတွေက လုပ်အားနှုန်း အရမ်းကောင်းပြီး အခွင့်အရေးကို အချိန်တိုင်း ရှာဖွေနေတာကို တွေ့ရတယ်။ အသင်းလိုက်ကစားဟန်က တိုက်စစ်ပိုင်းကို အားသန်ပေမဲ့ လက်ရှိအချိ်န်မှာ ကြုံတွေ့နေရတဲ့ ဒဏ်ရာအခြေအနေ အခက်အခဲ၊ အာရှဖလားနဲ့ အာဖရိကဖလားပြိုင်ပွဲတွေကြောင့် ကိုယ်သွားချင်တဲ့ပုံစံကို စိတ်ကြိုက်အကောင် အထည်ဖော်ဖို့ ခက်နေတာတော့အမှန်ပဲ။ မန်စီးတီးက ပြိုင်ပွဲစုံမှာ နိုင်ပွဲတွေ ဆက်တိုက်ယူလာတာ တွေ့ရတယ်။ နယူးကာဆယ်နဲ့ပွဲမှာ အသင်းလိုက်ပုံစံက သိပ်အားမကောင်းပေမဲ့ ဒီဘရိုင်းနား ဝင်လာချိန်မှာ ပွဲအခြေအနေက လုံးဝပြောင်းလဲသွားတယ်။ ဒီပွဲကတော့ ဒီဘရိုင်းနား ပွဲချိန်ပြည့်ဝင်ကစားဖို့ များပါတယ်။ မန်စီးတီးအတွက် အခက်အခဲက စပါးကွင်းရလဒ်ပိုင်းပဲ ဖြစ်တယ်။ ဒီပွဲက သရေပွဲဖြစ်သွားနိုင်တယ်။ 

Most Read

Most Recent