ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သားများအပါအဝင် ၂၃ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သားများအပါအဝင် ၂၃ ဦး ဒဏ်ရာရ
Published 23 January 2024
Photo .Thai News

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ဇန်နဝါရီ ၂၂ ရက် နံနက် ၇ နာရီအခန့်က မြန်မာလုပ်သားများ စီးနင်းလာသည့် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ မြန်မာအလုပ်သမားများအပါအဝင် ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရ သိရသည်။

မြန်မာလုပ်သားများနှင့် ထိုင်းနိုင်ငံသားလုပ်သားများ စီးနင်းလာသည် ပစ်ကပ်ကားသည် ဇန်နဝါရီ ၂၂ ရက် နံနက် ၇ နာရီခန့်က ချွန်ဘူရီခရိုင် စီရာချားဒေသ ဘော်ဝင်းရပ်ကွက်ရှိ လမ်းမပေါ်တွင် ကားဘီးပေါက်ပြီး တိမ်းမှောက်သွားခြင်းကြောင့် မြန်မာလုပ်သား ၂၀ ဦးနှင့် ထိုင်းအလုပ်သမား သုံးဦးတို့ ဒဏ်ရာအသီးသီးရရှိခဲ့သဖြင့် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကားပေါ်တွင် မြန်မာနှင့် ထိုင်းအလုပ်သမားအားလုံး ၂၆ ဦး လိုက်ပါလာခဲ့ကြောင်းနှင့် ကားဘီးပေါက်သဖြင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ၂၀၂၄ ခုနှစ်က မြန်မာလုပ်သားများ စီးနင်းလာသည့် ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ဥပဒေနှင့်အညီ နစ်နာကြေး၊ လျော်ကြေးတို့ရရှိစေရန်အတွက် ထိုင်းနိုင်ငံ လူ့အခွင့်ရေးဖွံ့ဖြိုးတိုးတက်မှုဖောင်ဒေးရှင်း HRDF၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးတို့ကို မြန်မာအသိုင်းအဝိုင်းများက အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ပေးဖို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက တ်ိုက်တွန်းပြောကြားခဲ့သည်။

“အခုဖြစ်တာက ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ထဲမှာပါ။ မြန်မာနိုင်ငံသားတွေ တင်ဆောင်လာတဲ့ ကားဘီးပေါက်ပြီးတော့ အရှိန်မထိန်းနိုင်တော့ဘဲ တိမ်းမှောက်တာ။ မြန်မာလုပ်သား ၂၀ ထဲက။ မြန်မာလုပ်သားတွေမှာ စာရွက်စာတမ်း အထောက်အထားရှိမယ်ဆိုရင် သက်ဆိုင်ရာအလုပ်ရှင်က လူမှုဖူလုံရေးတို့၊ အသက်အာမခံတို့ လမ်းစည်းကမ်း ယာဉ်စည်းကမ်း မော်တော်ယာဉ်မတော်တဆဥပဒေတို့နဲ့ လျော်ကြေးတောင်းခံလို့ရတယ်။ အထောက်အထားမရှိခဲ့ရင်လည်း လုပ်သက်ရှိ အလုပ်သမားဆိုရင် စာရွက်စာတမ်းအထောက်အထား ခိုင်လုံမှုတင်ပြနိုင်ရင် ထိုင်းဥပေဒအရ နစ်နာကြေးတွေရရှိဖို့အတွက် ထိုင်းနိုင်ငံ လူ့အခွင့်ရေးဖွံ့ဖြိုးတိုးတက်မှုဖောင်ဒေးရှင်း HRDF၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးတို့ကို မြန်မာအသိုင်းအဝိုင်းများက အမြန်ဆုံးဆက်သွယ်ပြီး ဆောင်ရွက်ပေးဖို့ အတွက် တိုက်တွန်းလိုပါတယ်” ဟု ဦးမိုးကြိုးက ပြောကြားခဲ့သည်။