ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် ဒေသ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၉ ဘီလျံ တန်ဖိုးရှိသော မူးယစ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC MYANMAR) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးပြားများ အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရစောင့်ဆိုင်းနေစဉ် ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ တော်ဝင်လမ်းရှိ စားသောက်ဆိုင်အနီးသို့ ရောက်ရှိလာသည့် သန်းစိုး၊ မောင်ရွှေသန်း(ခ)ကျော်သန်း၊ မောင်ဦးသန်းဌေး(ခ)နာယက၊ နှစ်ဦးမောင်(ခ)ကြက်ဖ၊ စည်သူမိုး၊ လင်းလင်းထူး(ခ)လင်းချေ၊ မောင်ရွှေသိန်း နှင့် နေဇော်လတ် တို့ ရှစ်ဦးအား ထိန်းသိမ်းရှာဖွေခဲ့ရာ TOYOTA SUCCEED မော်တော်ယာဉ် တစ်စီး၊ မူးယစ်ဆေးပြား ငါးသိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့နောက် စစ်ဆေးဖော်ထုတ်ခဲ့ရာ ယင်းနေ့ ညနေ ၆ နာရီခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ရဲရန်အောင်လမ်းရှိနေအိမ်မှ မစောခင်ကျော်(ခ)စောခင် အား စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက် စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းမိတရားခံ သန်းစိုးငှားရမ်းနေထိုင်သည့် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်ရှိနေအိမ်မှ မူးယစ်ဆေးပြား ၃ ဒသမ ၉ သိန်းအား လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း(၃)၊ ခေမာသီလမ်းသွယ်(၂)ရှိ မူးယစ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် အစုရှယ်ယာပါဝင်သူ ကျော်လင်းဒါ၏ ဆောက်လုပ်ရေးကုမ္ပဏီမှ AD Van မော်တော်ယာဉ်တစ်စီးအား လည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိတရားခံများအနက် မောင်ရွှေသန်း(ခ)ကျော်သန်းသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာအနီး မူးယစ်ဆေးပြား ၁၄ ဒသမ ၅ သိန်း ဖမ်းဆီးရမိမှုနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရေကျော်ကျေးရွာရှိ ၎င်း၏နေအိမ်မှ မူးယစ်ဆေးပြား ၉၀ ဒသမ ၄ သိန်း ဖမ်းဆီးရမိမှုတို့မှ အဓိကကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC MYANMAR)က သတင်းထုတ်ပြန်သည်။