နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်ကြီးနှင့် အီဂျစ်အာရပ်သမ္မတ နိုင်ငံသံအမတ်ကြီးတို့က ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ဇန်နဝါရီ ၁၈ ရက်က သီးခြားစီပေးအပ်ခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E.Mr.Gustavo Rocha de Menezes သည် ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာ-ဘရာဇီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ အပြန်အလှန်ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ စက်မှုနည်းပညာပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် ငါးရပ်ချမှတ်၍နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှု၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E.Mrs Aya Saad Mohamed Abdelkarim သည် ဇန်နဝါရီ ၁၈ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မြန်မာ-အီဂျစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ပညာရေးကဏ္ဍ တိုးတက်ရေးပူး ပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် ချစ်ကြည်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏လက်ရှိနိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်နေမှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်ငါးရပ် ချမှတ်၍နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှု၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါသံအမတ်ခန့် အပ်လွှာပေးအပ်ပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။