လှည်းကူးမြို့နယ်ရှိ အမှိုက်ပုံမီးလောင်မှုအား မီးသတ်တပ်ဖွဲ့မှ ဆယ်နာရီကြာ ငြှိမ်းသတ်ခဲ့ရပြီး တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိ

လှည်းကူးမြို့နယ်ရှိ အမှိုက်ပုံမီးလောင်မှုအား မီးသတ်တပ်ဖွဲ့မှ ဆယ်နာရီကြာ ငြှိမ်းသတ်ခဲ့ရပြီး တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိ
Published 19 January 2024

လှည်းကူးမြို့နယ်ရှိ အမှိုက်ပုံမီးလောင်မှုအား မီးသတ်တပ်ဖွဲ့မှ ဆယ်နာရီကြာ ငြှိမ်းသတ်ခဲ့ရပြီး တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီခွဲခန့်တွင် လှည်းကူးမြို့နယ်၊ လက်ပံကျေးရွာတွင် အမှိုက်ပုံမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှ သွားရောက်ခဲ့ကြောင်း သိရသည်။

“တစ်မြို့လုံးမှာရှိတဲ့ အမှိုက်တွေ စွန့်ပစ်တဲ့ အမှိုက်ပုံပါ။ မနက် ၆ နာရီလောက်မှ မီးငြိမ်းပါတယ်။ သက်ဆိုင်ရာ မီးသတ်တွေ၊ ကြက်ခြေနီတွေ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ပါတယ်” ဟု လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမှိုက်ပုံ မီးလောင်မှုအား မီးငြှိမ်းသတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး ပုလင်းကွဲထိလို့ ဒဏ်ရာရရှိခဲ့ပါတယ်။ အရမ်းကြီး ကြီးကြီးမားမားဒဏ်ရာရတာ မရှိပါဘူး” ဟု လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ထောက်ကြန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ဒါးပိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။