သြစတြေးလျအိုးပင်းတွင် ယခုနှစ်ယှဉ်ပြိုင်ခဲ့ခြင်းသည် နောက်ဆုံးဖြစ်မှာသေချာကြောင်း  ဗြိတိန်နာမည်ကြီး တင်းနစ်သမား အန်ဒီမာရေး ပြောကြား

သြစတြေးလျအိုးပင်းတွင် ယခုနှစ်ယှဉ်ပြိုင်ခဲ့ခြင်းသည် နောက်ဆုံးဖြစ်မှာသေချာကြောင်း  ဗြိတိန်နာမည်ကြီး တင်းနစ်သမား အန်ဒီမာရေး ပြောကြား
Photo: AFP
Photo: AFP
Published 17 January 2024

 

သြစတြေးလျအိုးပင်း ဂရင်းစလင်းတင်း နစ်ပြိုင်ပွဲတွင် ယခုနှစ်ပြိုင်ပွဲဝင်ခဲ့ခြင်းသည် ကစားသမားဘဝ နောက်ဆုံးယှဉ်ပြိုင်မှုဖြစ်မည်ဟု သေချာကြောင်း ဗြိတိန်နာမည်ကြီး တင်းနစ်သမား အန်ဒီမာရေးက ပြောကြားခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်သူ မာရေးအနေဖြင့် သြစတြေးလျအိုးပင်း ပထမအဆင့်တွင် အာဂျင်တီးနားတင်းနစ်သမား တိုမက်စ်မာတင်အား ၄-၆၊ ၂-၆၊ ၂-၆ ဖြင့် သုံးပွဲပြတ် အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ မာရေးသည် သြစတြေးလျအိုးပင်း ပြိုင်ပွဲများတွင် ဗိုလ်လုပွဲသို့ ငါးကြိမ်အထိ တက်ရောက်ခဲ့ဖူးပြီး ယခု ပထမအဆင့်မှ ထွက်ခွာရမှုမှာ ပြိုင်ပွဲယှဉ်ပြိုင်မှု ၁၃ ကြိမ်တွင် ဒုတိယအကြိမ်မြောက် ဖြစ်ခဲ့သည်။ 

"ဒီလိုနည်းလမ်းနဲ့ ကစားပုံက ကျွန်တော့်အဖို့ ပွဲတွေ အမြောက်အမြား အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။  ဒီပြိုင်ပွဲမှာ ကျွန်တော် အခုယှဉ်ပြိုင်တာက နောက်ဆုံးဖြစ်မယ်ဆိုတာ သေချာသလောက်နီးပါး ရှိပါတယ်"ဟု မာရေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

တင်းနစ်ရာသီ မစတင်မီကာလတွင် မာရေးက ၂၀၂၄ ပြိုင်ပွဲ ရာသီသည် သူ၏နောက်ဆုံးယှဉ်ပြိုင်သည့်နှစ် ဖြစ်လာမည်ဟု အတိအလင်း ဝန်ခံထားပြီး ယခုနှစ်အတွင်း ကစားသည့် နှစ်ပွဲစလုံး အရေးနိမ့်ထားသည်။ 

သြစတြေးလျအိုးပင်းအကြို Brisbane International ပြိုင်ပွဲတွင်လည်း အဖွင့်ပွဲမှာပင် အရေးနိမ့်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲအပြီးတွင်လည်း မာရေးက ယခုနှစ်အတွင်း တင်းနစ်ကစားရသည်ကို ပျော်ရွှင်ခြင်းမရှိလျှင် သူ၏ကစားသမားဘဝကို အဆုံးသတ်မည်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ 

မာရေး သည် ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ယူအက်စ်အိုးပင်း စတင်ကျင်းပကတည်းက နောက်ဆုံးကစားခဲ့သည့် ၁၂ ပွဲတွင် ရှစ်ပွဲအထိ ရှုံးနိမ့်ထားခဲ့ပြီး နောက်ဆုံး လေးပွဲဆက် အရေးနိမ့်ထားခြင်းဖြစ်သည်။

Most Read

Most Recent