ရှမ်းမြောက် လက်နက်ကိုင်ပဋိပက္ခ အပစ်ရပ်ခြင်းက စစ်ဘေးရှောင်ဦးရေ လျှော့ချနိုင်မလား

ရှမ်းမြောက် လက်နက်ကိုင်ပဋိပက္ခ အပစ်ရပ်ခြင်းက စစ်ဘေးရှောင်ဦးရေ လျှော့ချနိုင်မလား
လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီတိုက်ပွဲရှောင်များကို နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင် (နောင်ပိန်))
လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီတိုက်ပွဲရှောင်များကို နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင် (နောင်ပိန်))
Published 14 January 2024

ရှမ်းပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘေးရှောင်အရေအတွက်မှာ လျော့ကျသွားခြင်း မရှိဘဲ ဆက်လက်တိုးပွားနေဆဲ ဖြစ်သည်။ 

၂၀၂၁ ခုနှစ် ဖေော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ဖြစ်ပွားလာသောလက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ သန်းနှင့်ချီရှိခဲ့ပြီး နေရပ်စွန့်ခွာသူအများစုမှာ နေရပ်သို့ပြန်နိုင်သည့်အခြေအနေသို့ ရောက်ရှိခြင်းမရှိသေးပေ။

ထိုအချိန်မှာပင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ 

အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီမှစပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသများ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင် စသည့် နယ်စပ်ဒေသများသို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ နယ်မြေခံတပ်ရင်း ဌာနချုပ်နှင့် နယ်မြေလုံခြုံရေးစခန်းများကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။  

ကိုးကန့်အဖွဲ့ (MNDAA) က ချင်းရွှေဟော်၊ လောက်ကိုင်နှင့် ကွမ်းလုံတို့တွင် တိုက်ပွဲများဖော်ဆောင်ခဲ့ပြီး လားရှိုးနှင့် သိန္နီမြို့တစ်ဝိုက်တွင် တအာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ "၁၀၂၇" စစ်ဆင်ရေးကြောင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ် စသည့်နေရာသုံးခုကို အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လက်လွှတ်ခဲ့ရကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။ 

သို့သော် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ "၁၀၂၇" စစ်ဆင်ရေး နှစ်လကျော်အကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က်အထိ စစ်ရေးဗျူဟာအရ အရေးပါသော ဗျူဟာကုန်းများ၊ စခန်းကြီး၊ စခန်းငယ်၊ ကာကင်းများ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများနှင့် ပြည်သူ့စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း ၅၀၀ ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်က ထုတ်ပြန်ခဲ့သည်။ 

''စံချိန်တင်သွားသော စစ်ဘေးရှောင်ဦးရေ'' 

၂၀၂၃ ခုနှစ် အောက်တိုဘာနှောင်းပိုင်းကစပြီး တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ပြင်းထန်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များစွာတို့တွင် နေရပ်စွန့်ခွာရသူဦးရေတိုးလာနေပြီး အရပ်သားပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများ များပြားလာနေကြောင်း ကုလသမဂ္ဂက ဆိုသည်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရပ်စွန့်ခွာသူဦးရေ ၆၆၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ 

အောက်တိုဘာ ၂၇ ရက်နောက်ပိုင်း တိုက်ပွဲများ အရှိန်မြင့်လာချိန်မှစ၍ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များ အပါအဝင် အရပ်သား ၃၇၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။ 

လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ၊ ဥပဒေမဲ့ ဖမ်းဆီးမှုများ၊ ခေါင်းပုံဖြတ်မှုများ၊ အတင်းအကျပ် တပ်သား စုဆောင်းမှုများ၊ အဓမ္မခိုင်းစေမှုများ များပြားလာကြောင်း ဒေသခံများက ဆိုသည်။ 

လက်ရှိတွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာနေရသူဦးရေ ၂ ဒသမ ၆ သန်းအထိ ရှိသွားပြီ ထိုပမာဏသည် မြန်မာနိုင်ငံ၌ စံချိန်တင် မြင့်တက်လာသော စစ်ဘေးရှောင်ဦးရေလည်း ဖြစ်သည်။ 

''အရှေ့မြောက်ပိုင်းအခြေအနေ''

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မြို့နယ်အချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ 

မ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအရှိန်မြင့်တက်လာချိန်မှစ၍ အရပ်သားစုစုပေါင်း ၁၃၀ သေဆုံးပြီး ၂၁၀ ဒဏ်ရာရရှိကာ လူနေအိမ် ၄၃၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်မှစ၍ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရသူ ၁၂၀၀၀၀ နီးပါးရှိလာကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ယင်းလူဦးရေထဲကမှ နှစ်သောင်းခန့်သာ နေရပ်ပြန်နိုင်ပြီး ၉၉၀၀၀ ခန့်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ခိုလှုံရာ ၁၈၇ နေရာတွင်လည်းကောင်း၊ နယ်မြေချင်း ထိစပ်နေသည့် ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင်လည်းကောင်း သွားရောက်နေထိုင်နေရကြောင်း ကုလသမဂ္ဂက ဆိုသည်။

လတ်တလောတွင် နေရပ်စွန့်ခွာရသူများသည် အဓိကအားဖြင့် ဘာသာရေးနေရာများနှင့် အိမ်ရှင်ရပ်ရွာများတွင်လည်းကောင်း၊ တောတောင်များအတွင်းရှိ ယာယီခိုလှုံရာနေရာများနှင့် တရုတ်-မြန်မာ နယ်စပ်အနီးရှိ လယ်ကွင်းများတွင်လည်းကောင်း ခိုလှုံနေရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ 

ထို့အတူ ကချင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေများ တည်ငြိမ်မှုမရှိသေးဘဲ လတ်တလောကာလအတွင်း မြစ်ကြီးနား အပါအဝင် မြို့နယ်အချို့တွင် ပဋိပက္ခများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ဒီဇင်ဘာ ၁၃ ရက်မှစ၍ ဗန်းမော်-မြစ်ကြီးနား အဓိကလမ်းမကြီးပေါ်ရှိ မိုးမောက်မြို့နယ်တွင် တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ 

မန္တလေးနှင့် မြစ်ကြီးနားအကြားရှိ အရေးကြီး လမ်းမကြီးနှစ်လမ်းကို မကြာခဏပိတ်ထားမှုကြောင့် စားနပ်ရိက္ခာနှင့် လောင်စာဆီ အပါအဝင် အခြေခံလူသုံးကုန်ပစ္စည်း စျေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။ 

''အရှေ့တောင်ပိုင်းအခြေအနေ''

မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသရှိ တိုင်းနှင့်ပြည်နယ် အားလုံးနီးပါးတွင် နိုဝင်ဘာ ၁၁ ရက်မှစ၍ မြို့နယ်အများအပြား၌ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်လကျော် ကြာမြင့်နေပြီ ဖြစ်သည်။ 

နိုဝင်ဘာ ၁၁ ရက်မှစ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားမှုကြောင့် အရပ်သား ၉၃ ဦး သေဆုံးပြီး ၁၀၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ အများစုမှာ ရှမ်း-ကယား နယ်စပ်တစ်လျှောက်တွင်ဖြစ်သည်။ 

အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ လူဦးရေ ၁၃၆၀၀၀ ကျော် လတ်တလော နေရပ်စွန့်ခွာခဲ့ရသည်။

''အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်း အခြေအနေ'' 

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ အရာတော်နှင့် အင်းတော်မြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူနှင့် ပွင့်ဖြူမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ဆည်၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ် အပါအဝင် မြို့နယ်အများအပြား၌ ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ 

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် စစ်ရေးအရှိန်မြင့်တက်မှုကြောင့် စစ်ဘေးရှောင်ဦးရေ ၃၁၄၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ 

    ထိုအထဲတွင် ကောလင်းနှင့် ထီးချိုင့်မြို့နယ်တို့မှ လတ်တလောနေရပ်စွန့်ခွာသူ ၁၃၀၀၀၀ နှင့် စစ်ကိုင်းတိုင်းဒေသကြီး ခမ်းပတ်မြို့၊ မကွေးတိုင်းဒေသကြီး ထီးလင်းနှင့် ယောမြို့နယ်တို့တွင် ဒီဇင်ဘာလ အစောပိုင်းမှစ၍ နေရပ်စွန့်ခွာသူ ၇၀၀၀ ကျော်လည်း ပါဝင်သည်။ 

ပြင်းထန်သောတိုက်ပွဲများကြောင့် အရပ်သား ၁၁၈ ဦး သေဆုံးပြီး ၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ ထို့ပြင် လူနေအိမ်၊ ဘာသာရေးအဆောက်အအုံနှင့် စာသင်ကျောင်း ၅၅၃ လုံး ထိခိုက်ပျက်စီးခဲ့သည်။ 

    လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ရှိ စစ်ဘေးရှောင် ၅၀၀၀၀ နီးပါးထံ အရေးပေါ်အကူအညီများ  ထောက်ပံ့ပေးအပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်များ၏ လိုအပ်ချက်များမှာ ကူညီနိုင်စွမ်းထက် များစွာကျော်လွန်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။ 

'ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း အခြေအနေ''

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် လွန်ခဲ့သော တစ်ပတ်အတွင်း မောင်တော၊ မြောက်ဦး၊ ပေါက်တောနှင့် ပလက်ဝမြို့နယ်တို့၌ တပ်မတော်နှင့် AA အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ 

ယင်းတိုက်ပွဲများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုမှာလည်း မြင့်တက်လာခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ အရပ်သား ၃၇ ဦး သေဆုံးကာ ၁၂၀ ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ 

ထို့ပြင် အဆက်မပြတ်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံ ၁၁၁၀၀၀ ကျော်မှာ လတ်တလောတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသည်။ 

"တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်ရပ်ခြင်း"

    

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဘေးရှောင်ဦးရေ စံချိန်တင်မြင့်တက်နေချိန်တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း၌ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား ယာယီအပစ်ရပ်ရန် သဘောတူညီချက်ရရှိခဲ့ကြောင်း နှစ်ဖက်အဖွဲ့အစည်းက ထုတ်ပြန်သည်။ 

    ၂၀၂၃ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်း၌ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာချိန်မှစ၍ တရုတ်နိုင်ငံက နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ထိန်းသိန်းကြရန်နှင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့ပြီးနောက် NSPNC မှ တာဝန်ရှိသူများနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့မှ တာဝန်ရှိသူများအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် တစ်ကြိမ်၊ လကုန်ပိုင်းတွင် တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူညီချက် ထူးထူးခြားခြား မရရှိခဲ့ပေ။ 

    

    တတိယအကြိမ်တွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း၏ ဖိတ်ခေါ်မှုအရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) မှ တာဝန်ရှိသူများနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့မှ တာဝန်ရှိသူများအနေဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ နှစ်ရက်ကြာဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ 

    

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) မှ တာဝန်ရှိသူများနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တွေ့ဆုံဆွေးနွေးပွဲသို့ NSPNC ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်မှ အတွင်းရေးမှူးများ တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တပ်မတော်နှင့် မြောက်ပိုင်းမဟမိတ်သုံးဖွဲ့တို့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးရာ၌ အပစ်ရပ်ရေး သဘောတူညီချက်ကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

    

"အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲ ခိုင်မာအောင်တော့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဆက်လက်ဆွေးနွေးရမယ့်ဟာတွေလည်း ရှိပါသေးတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

    

ထို့ပြင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်ကလည်း ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ 

    

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဦးနှစ်ဖက် ချက်ချင်းအပစ်အခတ်ရပ်စဲရေး၊ စစ်ရေးတပ်ဖွဲ့ဝင်အချင်းချင်းကြား ထိတွေ့မှုမရှိစေရေး၊ အငြင်းပွားမှုများနှင့် လိုလားချက်များကို ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးမှု လမ်းစဉ်ဖြင့် ဖြေရှင်းရေး စသည့်အချက်များအပေါ်တွင် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။

    

ထို့ပြင် အပစ်အခတ်ရပ်စဲပြီးနောက် နှစ်ဦးနှစ်ဖက်မှ အခြေအနေလိုအပ်ချက်အရ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပပြီး အခြားသော ကိစ္စများကိုလည်း ထပ်မံညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆိုသည်။ 

"စစ်ဘေးရှောင်ဦးရေ လျှော့ချနိုင်မလား"

လက်ရှိတွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာနေရသူဦးရေ ၂ ဒသမ ၆ သန်းအထိ ရှိသွားပြီ ထိုပမာဏသည် မြန်မာနိုင်ငံ၌ စံချိန်တင် မြင့်တက်လာသော စစ်ဘေးရှောင်ဦးရေလည်း ဖြစ်သည်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရပ်စွန့်ခွာသူဦးရေ ၆၆၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ 

    

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစ၍ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် စစ်ဘေးရှောင်ဦးရေ ၆၆၀၀၀၀ ကျော်ရှိသည့်အနက် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုတည်းတွင် စစ်ဘေးရှောင်ဦး ၁၅၀၀၀၀ ခန့်ရှိနေသည်။ 

    

ထို့ကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲရန် သဘောတူညီချက်ရရှိခြင်းသည် စစ်ဘေးရှောင်ဦးရေ ထပ်မံတိုးပွားလာမည့် အခြေအနေကို အတိုင်းအတာတစ်ခုအထိ အဟန့်အတားဖြစ်စေခဲ့ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။ 

    

ထိုသို့သော အခြေအနေတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲရန် သဘောတူညီချက်ရရှိခဲ့သဖြင့် စစ်ဘေးရှောင်ဦးရေ လျှော့ချနိုင်မလားဆိုသည်ကို စစ်ရေးလေ့လာသူများက ဆက်လက်စောင့်ကြည့်လျက်ရှိကြသည်။     

Most Read

Most Recent