
ဗုဒ္ဓဘာသာဝင်များ အိန္ဒိယနိုင်ငံသို့ ဗုဒ္ဓဂယာ ဘုရားဖူးသွားရာတွင် ရောက်ရှိဖူးမြော်ကြသည့် မိဂဒါဝုန် (ဗာရာဏသီ)သည် ဘုရားအဆူဆူတိုင်း တရားဦးဓမ္မစကြာဟောကြားရာနှင့် တရားရတနာနှင့် သံဃာရတနာ စတင်ပေါ်ထွန်းခဲ့ရာ နေရာထူးကြီးလည်းဖြစ်သည်။
မိဂဒါဝုန် (ဗာရာဏသီ)သို့ သွားရောက်မည်ဆိုလျှင် ဓမ္မရာဇိကစေတီတော်၊ ဓမ္မေခစေတီတော်၊ ချောက်ခဏ္ဍီစေတီတော်တို့ ဖူးမြော်ရမှာဖြစ်ပြီး အသောကကျောက်စာတိုင်၊ မူလဂန္ဓကုဋီတိုက်၊ မူလဂန္ဓကုဋီကျောင်းတိုက်၊ နန္ဒိယကျောင်းတော်ရာ၊ ကုမာရဒေဝီကျောင်းတော်ရာ၊ သားသမင်များ ဘေးမဲ့ပေးရာခြံတို့ကိုလည်း သွားရောက်နိုင်မည်ဖြစ်သည်။
မိဂဒါဝုန်ဟူသောအမည်မှာ မိဂဒါယမှ ပြောင်းရွှေ့လာသော စကားဖြစ်သည်။ (မိဂ - သမင်၊ ဒါယ - တော) သားသမင်တို့ကို ဘေးမဲ့ပေးရာတောဟု ခေါ်ဆိုပါသည်။ နိဂြောဓသမင်မင်းဇာတ်တော်၌ လာသည့်အတိုင်း ဘုရားအလောင်းတော် ရွှေသမင်ကို အကြောင်းပြု၍ ဗာရာဏသီမင်းက သမင်တို့အား ဘေးမဲ့ပေးခဲ့သည်။ ထို့နောက် သာရနာထမှ ဆာရနာထဖြစ်ပြီး ဒေသခံတို့က ဆာရနတ်(Samath) ဟု ခေါ်ဆိုကြသည်။
မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဗုဒ္ဓဂယာမှ ၁၈ ယူဇနာ ကွာဝေးသော မိဂဒါဝုန်တောသို့ ခြေလျင်ကြွရောက်ခဲ့ပြီး ပ ဉ္စဝဂ္ဂီ ငါးဦးတို့အား ဓမ္မစကြာဟောကြားခဲ့ရာ သံဝေဇနိယဌာနဖြစ်သလို ဘုရားအဆူဆူတိုင်းတို့ တရားဦးဓမ္မစကြာ ဟောကြားလေ့ရှိသဖြင့် အဝိဇဟိတဌာနလည်းဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် နေဝင်လထွက် ဓမ္မစက်ဆိုသည့်အတိုင်း မဟာသက္ကရာဇ် (၁၀၃) ခု၊ ဝါဆိုလပြည့် စနေနေ့ ညနေချမ်းအချိန်တွင် မိဂဒါဝုန်သားမျိုးစုံသည့် ရဂုံတောဝယ် ပ ဉ္စဝဂ္ဂီတို့အား တရားဓမ္မစကြာဟောတော်မူ၍ ငါးရက်မြောက်သောနေ့တွင် အနတ္တလက္ခဏသုတ်တော် ဟောကြားတော်မူခဲ့ပြီး ငါးဦးလုံးရဟန္တာများ ဖြစ်ခဲ့ကြပါသည်။ ထို့ကြောင့် တရားရတနာနှင့် သံဃာရတနာ စတင်ပေါ်ထွန်းခဲ့ရာ နေရာထူးကြီး ဖြစ်ပါတော့သည်။
ထို့ပြင် ဤဒေသအတွင်း ဓမ္မစက္က၊ အနတ္တလက္ခဏ သုတ်တော်များအပြင် အခြားသုတ္တန် အများအပြားကိုလည်း ဟောကြားတော်မူခဲ့ကြောင်း ကျမ်းဂန်းများအရ သိရသည်။
ကိုးကား - သာသနာရေးဝန်ကြီးဌာန၊ မဇ္စျိမဒေသ ဘုရားဖူးလမ်းညွှန်