ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လုံမြို့ စျေးကြီးအတွင်းရှိ ရွှေဆိုင်နှင့် လွိုင်လင်အထွက် (ပင်လုံသွားလမ်း) ရှိ ရွှေရောင်လမ်း စက်သုံးဆီဆိုင်တို့တွင် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက ဓားပြတိုက်ခံရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဇန်နဝါရီ ၈ ရက် မွန်းတည့် ၁၂ နာရီက ပင်လုံမြို့ စျေးကြီးအတွင်း စျေးမြောက်ဘက်အနီးရှိ ခင်ဦးရွှေဆိုင်တွင် ရွှေထည်ပစ္စည်း တောင်းယူကြည့်ပြီး သေနတ်ပြ၍ ရွှေထည်လုယူထွက်ပြေးရာ ရွှေသုံးကျပ်သား ပါသွားကြောင်း၊ လူသူထိခိုက်မှုမရှိကြောင်း သိရသည်။
ထို့အတူ လွိုင်လင်မြို့အထွက် ပင်လုံသွားလမ်းရှိ ရွှေရောင်လမ်း စက်သုံးဆီဆိုင်တွင် ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၁ နာရီကျော်ဝန်းကျင်တွင် ဓားပြတိုက်ခံရပြီး ဆုံးရှုံးမှုတန်ဖိုးကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် ည ၇ နာရီခန့်တွင်လည်း ပင်လုံစျေးအနီး ဦးတင်ထွန်းဖုန်းဆိုင်သို့ ဝင်ရောက် ဓားပြတိုက်ခြင်းကြောင့် ဆိုင်ရှင်မိသားစုအပါအဝင် လေးဦးသေဆုံးခဲ့ရသောဖြစ်စဉ်နှင့် ဒီဇင်ဘာ ၁၉ ရက်တွင် တောင်ကြီး-ပင်လုံ ပြေးဆွဲသော ယာဉ်ငယ်လိုင်းတစ်လိုင်း၏ ယာဉ်မောင်းဖြစ်သူကို သတ်ဖြတ်၍ မော်တော်ကားလုယူထွက်ပြေးသော ဖြစ်စဉ်တို့ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။