အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့ အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေသည့် အင်္ဂလန်တိုက်စစ်မှူး အီဗန်တိုနေးအား ဘရန့်ဖို့ဒ်အသင်း ပေါင် သန်း ၁၀၀ သတ်မှတ်ထားကြောင်း Daily Mail ဖော်ပြ

အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့ အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေသည့် အင်္ဂလန်တိုက်စစ်မှူး အီဗန်တိုနေးအား ဘရန့်ဖို့ဒ်အသင်း ပေါင် သန်း ၁၀၀ သတ်မှတ်ထားကြောင်း Daily Mail ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 6 January 2024

 

ဘရန့်ဖို့ဒ်အသင်းသည် ပရီးမီးယားလိဂ် ထိပ်သီးကလပ်များဖြစ်သည့် အာဆင်နယ် နှင့် ချယ်လ်ဆီးအသင်းတို့ အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေသည့် အသင်း၏ အင်္ဂလန်တိုက်စစ်မှူး အီဗန်တိုနေးအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၀၀ သတ်မှတ်ခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့သည် ယခုရာသီတွင် တိုက်စစ်ပိုင်းအားနည်းမှုများကြောင့် ယခုဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် ၎င်းတို့အသင်း၏တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေကြောင်း သိရှိရသည်။ ချယ်လ်ဆီးအသင်းသည် ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အီဗန်တိုနေးကို ခေါ်ယူရန်အတွက် အသင်းရှိကစားသမားအချို့ကို ရောင်းထုတ်ရန် ပြင်ဆင်လျက်ရှိသည်။ အာဆင်နယ်အသင်းမှာမူ တိုနေးအားခေါ်ယူရန် ယခင်ကတည်းက ကြိုးပမ်းခဲ့ဖူးပြီး ယခုဇန်နဝါရီတွင် အရခေါ်ယူလိမ့်မည်ဟု သတင်းများထွက်ပေါ်နေသည်။ 

အသက် ၂၇ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး တိုနေးသည် ပြီးခဲ့သည့် နှစ်ရာသီအတွင်း ဘရန့်ဖို့ဒ်အသင်းတွင် ထိပ်တန်းခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၇၂ ပွဲ တွင် ၃၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။ သို့သော် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) မှ ချမှတ်ထားသည့် လောင်းကစားစည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် ၂၀၂၃ မေလ ၁၇ ရက်တွင် ရှစ်လပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ၎င်း၏ပွဲပယ်ပြစ်ဒဏ်မှာ ဇန်နဝါရီ ၁၇ ရက်တွင် အဆုံးသတ်မည်ဖြစ်သည်။ 

အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့ ၏ စိတ်ဝင်စားခြင်းကို ခံနေရသည့် တိုနေးသည် ဘရန့်ဖို့ဒ်အသင်းတွင် ဆက်နေလိုခြင်း မရှိတော့ဘဲ ထိပ်တန်းအသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရသည်။ ဘရန့်ဖို့ဒ်အသင်းအနေဖြင့် တိုနေးကို တားဆီးမည်မဟုတ်သော်လည်း အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ၎င်းအတွက် ထိုက်တန်သည့်ပြောင်းရွှေ့ကြေး ရရှိရန် အလိုရှိနေကြောင်း သိရှိရသည်။ ထို့ကြောင့် ဘရန့်ဖို့ဒ်အသင်းသည် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ ခေါ်ယူရန် အပြိုင်ကြိုးပမ်းနေသည့် ၎င်းတို့အသင်း၏ တိုက်စစ်မှူး တိုနေးအား ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့သည် ၎င်းတို့၏တိုက်စစ်ပိုင်းအတွက် တိုနေးကို အသည်းအသန်အလိုရှိနေကြသော်လည်း ၎င်းအတွက် ဘရန့်ဖို့ဒ်အသင်း သတ်မှတ်ခဲ့သည့် ပေါင် သန်း ၁၀၀ ကိုမူ ပေးချေလိုခြင်း မရှိကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ အာဆင်နယ်အသင်းနည်းပြ အာတီတာသည် ပရီးမီးယားလိဂ်ချန်ပီယံဆု ကို စိန်ခေါ်နိုင်ရန်အတွက် အသင်း၏ တိုက်စစ်ပိုင်းတွင် ဂိုးသွင်းအားကောင်းသည့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူလိုနေပြီး လက်ရှိတွင် တိုနေးအား ခေါ်ယူရန် ထိပ်ဆုံးမှရေပန်းစား နေကြောင်း သိရှိရသည်။ 

သို့သော် အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်နွေရာသီက ဒက်ကလန်ရိုက်စ်၊ ဟာဗက်ဇ်နှင့် တင်ဘာစ်တို့ကို ပေါင် သန်း ၂၀၀ နီးပါး အသုံးပြုကာ ခေါ်ယူခဲ့သည့်အတွက် တိုနေးအား ထပ်မံခေါ်ယူမည် ဆိုပါက ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း (FFP) နှင့် ငြိစွန်းနိုင်သဖြင့် အသင်းရှိကစားသမားအချို့ုကို အရင်ရောင်းထုတ်ကာ ရန်ပုံငွေရှာရန် လိုအပ်နေကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းကလည်း ဂိုးသွင်းအားနည်းသည့် တိုက်စစ်ပိုင်းအတွက်  တိုနေး ကို ခေါ်ယူလိုနေခြင်းဖြစ်သည်။ သို့သော် ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်နွေက ပေါင် သန်း ၄၀၀ နီးပါးအသုံးပြုထားသည့်အတွက် တိုနေးကိုခေါ်ယူမည်ဆိုပါက အသင်း ရှိကစားသမားအချို့ကို အရင်ရောင်းချရမည် ဖြစ်သည်။ ဘရန့်ဖို့ဒ်အသင်းမူ ပြောင်းရွှေ့ ကြေးများစွာ ရရှိနိုင်သည့် အသင်းတိုက်စစ်မှူး တိုနေးကို ရောင်းချရာမှ ရရှိသည့်ငွေကြေး ဖြင့် ယခုဇန်နဝါရီတွင် ကစားသမားသစ်များ ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ 

Most Read

Most Recent