ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီက အသုံးပြုခဲ့သည့် နည်းပြချုပ်ဖြစ်သူ ဂျာမန်လူမျိုး ဂတ်ဖရိုင်းဒရစ်၏ အနာဂတ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ဂတ်ဖရိုင်းဒရစ်ကို ရာသီကုန်အထိသာ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး စာချုပ်သက်တမ်းတိုးခြင်းရှိမရှိ လာမည့်ရာသီအတွက် ပြင်ဆင်သည့်ကာလမှသာ ဆုံးဖြတ်ဖွယ်ရှိနေသည်။ ဂတ်ဖရိုင်းဒရစ်သည် ရန်ကုန်ယူနိုက်တက် အသင်းနည်းပြချုပ်အဖြစ် ၂၀၂၃ ရာသီ MNL ပြိုင်ပွဲ ဒုတိယအကျော့ကျင်းပနေသည့် ကာလအတွင်း ခန့်အပ်ခံရခြင်းဖြစ်ပြီး ပြည်တွင်းလိဂ်ပွဲ ရှစ်ပွဲ၊ AFC Cup ခြေစစ်ပွဲနှစ်ပွဲ ကိုင်တွယ်ခဲ့ရသည်။
ဂတ်ဖရိုင်းဒရစ်လက်ထက်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ပြည်တွင်းလိဂ်ပွဲ ရှစ်ပွဲကစားရာ ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ AFC Cup ခြေစစ်ပွဲတွင် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ ၂၀၂၄-၂၀၂၅ ရာသီ MNLL ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဇူလိုင်မှ စတင်မည်ဖြစ်သော်လည်း မတ်လတွင် MNL Cup ပြိုင်ပွဲကျင်းပမည်ဖြစ်သောကြောင့် ရန်ကုန်အသင်းအနေဖြင့် ဂတ်ဖရိုင်းဒရစ်ကို သက်တမ်းတိုးခြင်းရှိမရှိ နှစ်ဆန်းပိုင်းတွင် အတည်ပြုရမည်ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် MNL ကလပ်အသင်းများတွင် နည်းပြ အပြောင်းအလဲအများဆုံး ပြုလုပ်ထားသည့် အသင်းဖြစ်ပြီး နောက်ဆုံးလေးရာသီဆက်တိုက် ပြိုင်ပွဲကျင်းပနေသည့်ကာလအတွင်း နည်းပြများ ပြောင်းလဲထားခြင်းဖြစ်သည်။
၂၀၁၉ ရာသီတွင် ဦးမျိုးမင်းထွန်း၊ ၂၀၂၀ ရာသီတွင် ဦးတင်မောင်ထွန်း၊ ၂၀၂၂ ရာသီတွင် ဦးမင်းထွန်းလင်း၊ ၂၀၂၃ ရာသီတွင် ဦးကျော်ဒွန်းတို့ကို ပြိုင်ပွဲကျင်းပနေသည့်ကာလအတွင်း အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။















