ကချင်ပြည်နယ် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်တွင် သားအဖနှစ်ဦး စကားများရန်ဖြစ်ရာမှ အချင်းချင်းဓာတ်ဆီလောင်း မီးရှို့ခဲ့ကြသောကြောင့် သားအဖနှစ်ဦးစလုံး သေဆုံးမှု ဒီဇင်ဘာ ၁၈ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မီးစက်ထားရာအခန်းတွင် အခန်းတံခါးပိတ်ထားပြီး စကားများရန်ဖြစ်ကြရာမှ အချင်းချင်းဓာတ်ဆီလောင်းမီးရှို့ခဲ့ရာတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ခမ်းတီလုန်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ရွှေ့ပြောင်းလုပ်သားတွေဗျ။ သားအဖအရင်းတွေတဲ့။ သားက ဇနီးနဲ့ ကလေးတွေ ကျန်ရစ်တယ်။ မီးကလည်း ဝိုင်းသတ်နိုင်လို့ မဟုတ်ရင် ရပ်ကွက်ပါ လောင်ကုန်မှာ” ဟု ၎င်းက ဆိုသည်။
သေဆုံးသူနှစ်ဦးမှာ မြစ်ကြီးနားမြို့မှ ပူတာအိုမြို့သို့ စီးပွားရေးလာရောက်လုပ်ကိုင်သူများဖြစ်ကာ အိမ်ငှားနေထိုင်သူများဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
ဖခင်ဖြစ်သူ အသက် ၆၅ နှစ်ခန့်ရှိ ဦးအောင်ဝင်းမှာ ဒီဇင်ဘာ ၁၉ ရက်က သေဆုံးခဲ့ပြီး သားဖြစ်သူ အသက် ၃၀ အရွယ် ကိုအောင်ချမ်းမြေ့ဝင်းဆိုသူမှာ အခင်းဖြစ်သည့် ဒီဇင်ဘာ ၁၈ ရက်က သေဆုံးခဲ့ကြောင်း သိရသည်။