အောက်တိုဘာ ၅ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ တိုင်းနှင့်ပြည်နယ်အချို့တွင် ကျပ် ၇၃၅ သန်းကျော်တန်ဖိုးရှိ တရားမဝင်စက်သုံးဆီ ၆၉၉၀၉ ဂါလန်ခန့်၊ ဆီတင်ယာဉ် ၁၁ စီး၊ စက်သုံးဆီသိုလှောင်ကန်များနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
အောက်တိုဘာ ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး ရန်လင်းအောင်ကားဂိတ်တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ၄၅ ဂါလန်ဆံ့ ပီပါ ၈၄ လုံး ဂါလန် ၃၇၈၀ ခန့်အားလည်းကောင်း၊အောက်တိုဘာ ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အတွင်း မော်တော်ယာဉ် ပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ၃၅ ဂါလန်ဆံ့ ပီပါ ၆၅ လုံး ၂၂၇၅ ဂါလန်ခန့်အား လည်းကောင်း၊ အောက်တိုဘာ ၂၄ ရက်တွင် မုံရွာမြို့ကမ်းနားလမ်းဘေးရှိ ရပ်ကွက်ရုံးရှေ့ရှိ သုံးဘီးဆိုင်ကယ် နှစ်စီးပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ၄၅ ဂါလန်ဆံ့ ပီပါ ၈၄ လုံး ဂါလန် ၃၇၈၀ ခန့်အား လည်းကောင်း၊ နိုဝင်ဘာ ၁ ရက်တွင် မုံရွာမြို့၊ မန်းကျည်းပင်ဈေး ကျောက္ကာလမ်းပေါ်တွင် သုံးဘီးဆိုင်ကယ် တစ်စီးပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ၃၅ ဂါလန်ဆံ့ ပီပါ ၁၄လုံး ဂါလန် ၄၉၀ ခန့်အား လည်းကောင်း၊ နိုဝင်ဘာ ၃၀ ရက်တွင် မုံရွာမြို့ ကွေ့ကြီးရပ်ကွက် ကမ်းနားလမ်းတွင် ပိုင်ရှင်မဲ့ ချက်ဆီပီပါ အလုံး ၂၀ ဂါလန် ၇၀၀ ခန့်အား လည်းကောင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး မန္တလေး-စဥ့်ကူးလမ်းပိုင်း မိုင်တိုင် အမှတ် ၄၅/၃ တွင် စက်သုံးဆီ တရားမဝင်သယ်ဆောင်လာသည့် ဆီတင် ယာဉ် Bowser လေးစီးအား စက်သုံးဆီ ၃၆၈၇၇ ဂါလန်ဖြင့်လည်းကောင်း၊ ဒီဇင်ဘာ၁၃ ရက်တွင် မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် မြစ်ငယ်တံတားအနီးတွင် တရားမဝင်ချက်ဆီ ဂါလန် ၆၀၀၀ သယ်ဆောင်လာသည့် ဆီသယ်ယာဉ်တစ်စီးအားလည်းကောင်း၊ ဒီဇင်ဘာ ၁၄ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဖရဲကျွန်းကျေးရွာမိုင်တိုင်အမှတ် ၃၅၈ မိုင်၊ ၄ ဖာလုံရှိ ခြံဝင်းအတွင်း၌ တရားမဝင်မြေအောက် သိုလှောင်ကန်ဖြင့် သိုလှောင်ထားသည့် စက်သုံးဆီ ၃၃၈၆ ဂါလန်အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် Denko စက်သုံးဆီ အရောင်းဆိုင်တွင် နှစ်ကြိမ် တန်းစီဝယ်ယူသည့် မော်တော်ယာဉ်တစ်စီးအား ယာဉ်၏ နောက်ခန်းတွင် မောင်းဆီတိုင်ကီနှင့် ပိုက်သွယ်တန်းထားသော ဂါလန် ၁၅၀ ဆံ့ ပလတ်စတစ်ပီပါတစ်လုံး၊ ဂါလန် ၅၀ ဆံ့ သံပီပါ ခြောက်လုံး၊ ပလတ်စတစ်ပီပါ တစ်လုံးဖြင့်လည်းကောင်း၊ ဒီဇင်ဘာ ၁၅ရက် တွင် သာကေတမြို့နယ် ၁/အနော်မာရပ်ကွက် ဧရာဝဏ်လမ်း ကျောက်တိုင်မှတ်တိုင်အနီးတွင် အရောင်းဆိုင်များမှ တန်းစီဝယ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချနေသည့် မော်တော်ယာဉ်တစ်စီးနှင့် ၎င်းယာဉ်ပေါ်တွင်ပါရှိသည့် တစ်ပီပါလျှင် ဂါလန် ၅၀ ဆံ့ ဒီဇယ်ဆီပီပါ ၁၀ လုံးအားလည်းကောင်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်တိုင် းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်၊ ဒဂုံ-သီလဝါလမ်းမကြီးဘေးရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တရားမဝင်သိုလှောင်ထားရှိသည့် စက်သုံးဆီ ၄၈ ဂါလန်ဆံ့ သံပီပါသုံးလုံး၊ ပါဝါဆီ အဖြူ၊ ဂါလန် ၃၀ ပါ သံပီပါတစ်လုံး၊ ပါဝါဆီအဝါ ၁၅ ဂါလန် ပါသံပီပါတစ်လုံး၊ စက်ဆီ၊ချောဆီ ၄၈ ဂါလန်ဆံ့ သံပီပါနှစ်လုံး၊ ဆီမဲ အပျက် ၄၅ ဂါလန်ပါ သံပီပါ နှစ်လုံးနှင့် ၁၅ ဂါလန်ပါသံပီပါတစ်လုံးနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ဒီဇင်ဘာ ၁၈ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် လိပ်ပုတ်ကျေးရွာရှိ ခြံတစ်ခြံတွင် ဂါလန် ၈၀၀ ဆံ့ သိုလှောင်ကန် ၁၄ ကန်နှင့် ဒီဇယ်ဆီ ဂါလန် ၇၂၀၊ ဂါလန် ၈၀၀ ဆံ့ အဖြူရောင် Bowser အခွံ နှစ်စီး၊ ဂါလန် ၈၀၀ ဆံ့ ဆီ Bowser ပုံစံဆီတိုင်ကီ အခွံနှစ်လုံးတို့အား ပိုင်ရှင်နှင့်အတူ ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေး ဖော်ထုတ်ခဲ့ရာခြံအမှတ် (၅၆၀) အတွင်းမှ ဆီ Bowser ပုံစံ (ဆလင်ဒါသံကန်) ဆီသိုလှောင်ကန် ၁၁ ကန်နှင့် ဒီဇယ်ဆီ ၆၈၅၇ ဂါလန်၊ 92 Ron ဂါလန် ၂၇၅၀ ပါသည့် ပီပါ ၅၅ လုံးနှင့် ပီပါအခွံ ၁၆ လုံး၊ ဒီဇယ်ဆီဂါလန် ၁၃၇၀ ပါရှိသည့် Hyundai အမျိုးအစား အဖြူရောင်ဆီသယ်ယာဉ် Bowser တစ်စီးနှင့် Isuzu အမျိုးအစား အဖြူရောင်ဆီသယ်ယာဉ် Bowser တစ်စီးတို့အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဒီဇင်ဘာ ၁၀ ရက်မှ ၁၅ရက်အထိ တရားမဝင်စက်သုံးဆီရောင်းချမှု ၁၇ မှု ဖမ်းဆီးရမိပြီး စက်သုံးဆီ ၇၁၉ ဂါလန်ခန့်နှင့် ဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီတွင် ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက် ထိ တရားမဝင် စက်သုံးဆီရောင်းချမှု(၈)မှု ဖမ်းဆီးရမိပြီး စက်သုံးဆီဂါလန် ၁၀၀ ခန့်နှင့် ဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် ဖမ်းဆီးရမိသူစုစုပေါင်းအနေဖြင့် ကျပ် ၇၃၅ သန်းကျော်တန်ဖိုးရှိ တရားမဝင်စက်သုံးဆီ ၆၉၉၀၉ ဂါလန်ခန့်၊ စက်သုံးဆီသယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် ဆီတင်ယာဉ် (Bowser) ၁၁ စီးနှင့် တရားမဝင်လိုင်စင်မဲ့ စက်သုံးဆီသိုလှောင်ကန်များအပါအဝင် ဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။