ဆန့်ကျင်ဘက်အဖွဲ့အစည်းထံ သတင်းပေးသည်ဟုဆိုကာ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဖြစ်သူကို ဒီဇင်ဘာ ၁၈ ရက်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသူမှာ သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်နေ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ အသက် ၄၀ အရွယ် ဦးအောင်ကိုကိုဆိုသူဖြစ်ကြောင်း သိရသည်။
ဦးအောင်ကိုကိုမှာ ဆန့်ကျင်ဘက်အဖွဲ့များထံသို့ ဌာနဆိုင်ရာဝန်ထမ်းများ၏ သတင်းများအား ပေးပို့ခဲ့ကြောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ဦးအောင်ကိုကို ကိုဖမ်းဆီးထားပြီးတော့ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးအောင်ကိုကိုအပေါ် သံဖြူဇရပ်မြို့မရဲစခန်းက (ပ) ၁၃၆/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်က PDF တစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီးနောက် ၎င်း၏ ဖော်ထုတ်ချက်အရ NUG/PDF ထောက်ပံ့နေသူဟုဆိုကာ သံဖြူဇရပ်မြို့ခံ ၂၀ ဦးထက်မနည်း ဖမ်းဆီးအရေးယူစစ်ဆေးခံနေရကြောင်းနှင့် ဖမ်းဆီးခံထားရသူများတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ရွှေလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်နှင့် အခြားလုပ်ငန်းရှင်များ ပါဝင်နေကြောင်း သံဖြူဇရပ်မြို့ခံများထံမှ သိရသည်။