ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာကြား ရထားလမ်း မိုင်းခွဲဖျက်ဆီးခံရကြောင်း နစကမှ ထုတ်ပြန်သည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာအကြား မိုင်တိုင်အမှတ် ၃၅၃/၃ နှင့် ၄ အကြား၊ တံတားအမှတ် ၇၃၆ အနီးတွင် PDF များက မိုင်းခွဲဖျက်ဆီးထားခြင်းကြောင့် တံတားချဉ်းကပ်လမ်းရှိ ကွန်ကရစ်ဇလီဖာတုံးများ ပျက်စီးပြီး သံလမ်းများ နေရာရွေ့နေမှုကြောင့် မင်းစုနှင့် ကျောက်ဆည်ကြား ရထားလမ်းပိုင်းများအား ခေတ္တပိတ်ထားရသဖြင့် အမှတ် (၅)အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် မြစ်သားဘူတာသို့ ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရောက်ရှိ ရပ်တန့်ထားခဲ့ရကြောင်း သိရသည်။
အဆိုပါမိုင်းပေါက်ကွဲသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင် တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ သွားရောက်ကာ နယ်မြေလုံခြုံရေးနှင့် မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများက လမ်းပိုင်းအား စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး အစုန်လမ်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ အမှတ် (၅)အဆန် လူစီးအမြန်ရထားသည် မြစ်သားဘူတာမှ နံနက် ၉ နာရီ ၁၀ မိနစ်၌ ဆက်လက်ထွက်ခွာနိုင်ခဲ့ကြောင်း၊ ဘူတာ၌ ရပ်တန့်ထားရမှုကြောင့် ရထားစီးခရီးသည်များ ခေတ္တအချိန်ကြန့်ကြာမှု ကြုံတွေ့ခဲ့ရကြောင်းနှင့် လမ်းပိုင်းပျက်စီးမှုကို အချိန်နှင့်တပြေးညီ ပြန်လည်ပြုပြင်ပြီ ရထားခရီးစဉ်များ ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့(ဒီဇင်ဘာ ၁၉ ရက်)အထိ မြန်မာ့မီးရထားကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်မိုင်းခွဲခြင်း (၁၃၀)ကြိမ်၊ ရထားလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၆)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။