မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက်တွင် ဒီဇင်ဘာ ၁၇ ရက်ညပိုင်းက အမျိုးသားတစ်ဦးက ဖခင်ဖြစ်သူကို ကတ်ကြေးဖြင့် ထိုးပြီးနောက် လာရောက်ထိန်းသိမ်းသည့် ရပ်/ကျေးတာဝန်ရှိသူများအား ဓားမဖြင့် ခုတ်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူများ၏ ပြောကြားချက်များအရ သိရသည်။
မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက် (၁၅)လမ်းနေ ဦးကျော်ဦး၏နေအိမ်တွင် ၎င်း၏သားဖြစ်သူ အသက် ၁၉ နှစ်အရွယ် အောင်မျိုးဆန်းဦးမှာ အရက်သောက်စားမူးယစ်ကာ ဖခင်ဖြစ်သူကို ကတ်ကြေးဖြင့်ထိုးခဲ့ကြောင်း၊ ထို့နောက်ဦးကျော်ဦး၏ သမီးဖြစ်သူက ရပ်/ကျေးတာဝန်ရှိသူများထံ အကြောင်းကြားခဲ့ရာ နယ်ထိန်းရဲနှင့် ရပ်/ကျေးတာဝန်ရှိသူများ ရောက်ရှိလာပြီး ထိန်းသိမ်းခဲ့ရကြောင်း ရပ်ကွက်နေသူတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ရဲတွေ၊ ရပ်/ကျေးအဖွဲ့တွေ ရောက်လာတဲ့အချိန်မှာ အောင်မျိုးဆန်းဦးက ဓားမနဲ့လိုက်ခုတ်လို့ ရပ်/ကျေးစာ ရေးတစ်ယောက်နဲ့ ရာအိမ်မှူးနှစ်ယောက်မှာ ပြတ်ရှဒဏ်ရာရသွားတယ်” ဟု ဆိုသည်။
ထို့နောက် အောင်မျိုးဆန်းဦးအား ဝင်လုံးကာ ဖမ်းဆီးပြီးနောက် ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်းနှင့် ဦးကျော်ဦးနှင့် ရပ်/ကျေး တာဝန်ရှိသူများအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အောင်မျိုးဆန်းဦးအား မုပွန်နယ်မြေရဲစခန်းတွင် (ပ) ၁၆၆/၂၀၂၃၊ ပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။