သထုံမြို့ နန်းခဲရပ်ကွက် ဘုံကျောင်းလမ်းရှိ နေအိမ်တစ်အိမ်ရှေ့တွင် ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။
ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်က သထုံမြို့ နန်းခဲရပ်ကွက် ဘုံကျောင်းလမ်းရှိ နေအိမ်တစ်လုံးရှေ့တွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရကြောင်း သထုံမြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “လက်လုပ်မိုင်းပေါက်ကွဲမှုအရှိန်နဲ့ ခြံအဝင်တံခါး ပြိုကျပျက်စီးသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်” ဟု ပြောကြားသည်။
အဆိုပါလက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေအိမ်မှာ ယာယီသမ္မတဦးမြင့်ဆွေ၏ ယောက္ခမဖြစ်သူ ပိုင်ဆိုင်သည့် နေအိမ်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုပြီး လက်ရှိတွင် ၎င်းတို့ပိုင်ဆိုင်မှု ရှိမရှိကိုမူ မသိရှိရပေ။
အဆိုပါလက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် သထုံမြို့အဝင်အထွက် နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သထုံမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက် ည ၈ နာ ရီခန့်ကလည်း သထုံမြို့ သိမ်ကုန်းရပ်ကွက်ရှိ သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာရှေ့ရှိ ဆိုင်းဘုတ်အနီးတွင် အသံမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်း သထုံမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက် နံနက်အစောပိုင်းကလည်း သထုံမြို့နယ် ဒုံဝန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးရှိ လျှပ်စစ်ဓာတ်တိုင်အောက်ခြေတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဓာတ်တိုင်တစ်တိုင် လဲပြိုပျက်စီးခဲ့ပြီး ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးမှာလည်း မိုင်းစထိမှန်ကာ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။