နိုင်ငံရေးလုပ်ငန်းစဉ်၏ နိုင်ငံရေးအစဉ်အလာ

နိုင်ငံရေးလုပ်ငန်းစဉ်၏ နိုင်ငံရေးအစဉ်အလာ
Published 11 December 2023

“နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ကို အဓိပ္ပာယ်များနှင့် အစီအစဉ်ချထားမှုပေးသည့် သဘောတရားအမြင်များ၊ ယုံကြည်ချက်များနှင့် ခံစားချက်သဘောထားများ အစုံလိုက်ကို နိုင်ငံရေးအစဉ်အလာဟု ခေါ်သည်။ ယင်းသည် နိုင်ငံရေးစနစ်အတွင်း အပြုအမူအလေ့အထကို ကြီးစိုးသည့် နောက်ခံယူဆချက်များနှင့် စည်းမျဉ်းများကို ထောက်ပ့ံပေးသည်”ဟု အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် လူစီယန်ပိုင်း (၁၉၂၁ - ၂၀၀၈)က အဓိပ္ပာယ်ဖွင့်ဆို သည်။ ဂေဘရီယယ်အယ်လ်မွန် (၁၉၁၁ - ၂၀၀၂) ကမူ “နိုင်ငံရေးစနစ်တိုင်းတွင် ထည့်သွင်းထားသည့် နိုင်ငံရေးလုပ်ဆောင်ချက်များဆီ ဦးတည်သည့် သီးခြားပုံစံ”ဟု ဆိုသည်။ မာရီယာ ယူဂျင်းနီယာဗက်ဇ်ကွက်ဆီမာဒန်နီကမူ “ လူတစ်ဦးချင်းနှင့် အုပ်စုလိုက် နှစ်ရပ်စလုံးက ၎င်းတို့၏ ပါ၀ါနှင့် ဆက်ဆံရေးကို ထင်ရှားစေသည့်၊ ၎င်းတို့၏ နိုင်ငံရေးတောင်းဆိုချက်များကို အသေးစိတ်ဖော်ပြပြီး အကျိုးရှိမရှိ ချိန်ဆသည့် ဟောပြောရေးသားချက်များနှင့် သင်္ကေတသဘောအလေ့အထများ အစုအဝေး”ကို နိုင်ငံရေးအစဉ်အလာဟု သတ်မှတ်သည်။

နိုင်ငံရေးအစဉ်အလာတွင် နိုင်ငံရေး စံသတ်မှတ်ချက်များအပြင် အစိုးရပုံစံနှင့် လုပ်ငန်းစဉ် သတ်မှတ်ချက်များပါ အကျုံးဝင်သည်။ ထို့ကြောင့် နိုင်ငံရေးအစဉ်အလာသည် နိုင်ငံရေးနှင့် ပတ်သက်သော စိတ်ပညာဆိုင်ရာနှင့် ပုဂ္ဂလဓိဋ္ဌာန်ဆိုင်ရာ သရုပ်သကန် ဖြစ်သည်။ နိုင်ငံရေးအစဉ်အလာသည် နိုင်ငံရေးစနစ်တစ်ရပ်၏ သမိုင်းနှင့် ယင်း၌ ပါဝင်သူများ၏ သမိုင်းကြောင်းများ ဖြစ်သည်။ ထို့ကြောင့် အများပြည်သူနှင့်ဆိုင်သော အဖြစ်အပျက်များ နှင့် တစ်သီးပုဂ္ဂလဆိုင်ရာ အတွေ့အကြုံနှစ်ရပ်စလုံးအပေါ် အညီအမျှ အခြေပြုသည်။

၁၉၆၃ ခုနှစ်တွင် အမေရိကန်သားနှစ်ဦးဖြစ်သော ဂေဘရီယယ်အယ်လ်မွန်နှင့် ဆစ်ဒနီဗာဘာတို့က ယဉ်ကျေးသော အစဉ်အလာတစ်ရပ်ကို ပေါင်းစပ်ဖန်တီးနိုင်သည့် စစ်မှန်သော နိုင်ငံရေးအစဉ်အလာ ပုံစံစစ်စစ် သုံးရပ်ကို ပုံကြမ်းရေးဆွဲခဲ့သည်။ ထိုသူနှစ်ဦးစလုံးက ဖော်ပြခဲ့သော ယင်းအဓိက စရိုက်လက္ခဏာသုံးရပ်သည် ပြည်သူနှင့် အစိုးရတို့ အကြား ဆက်နွှယ်ချက်တစ်ရပ်ကို ထူထောင်ရန်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ပထမဆုံး စရိုက်လက္ခဏာကို “လေးစားလိုက်နာမှု” ဟုခေါ်သည်။ ယင်းသည် လေးစားမှု၊ အထက်အောက် အနေအထားကို လက်ခံမှုနှင့် လူ့အဖွဲ့အစည်းအတွင်း အာဏာပိုင်မှုတို့ကို စဉ်းစားတွေးခေါ်သည်။

ဒုတိယစရိုက်လက္ခဏာကို “အများသဘောတူဆန္ဒ” ဟုခေါ်သည်။ ယင်းသည် အစိုးရနှင့် ပြည်သူတို့အကြား သဘောတူညီမှုနှင့် နှစ်သိမ့်ကျေအေးမှုဆိုင်ရာ အဓိကဆက်နွှယ်ချက်ကို ကိုယ်စားပြုသည်။ နှစ်သိမ့်ကျေအေးမှုအတွက် ထောက်ခံမှုကို အမြဲတမ်းတစ်နိုင်ငံလုံး မျှဝေခံစားနိုင်မည် မဟုတ်သော်လည်း ခြုံကြည့်ပါက လူအများက ယင်းကိုဆက်လက်ထိန်းသိမ်းရန် သဘောတူကြသည်။ ယင်းကိုပင် ဘုံသဘောတူညီချက်ဟုခေါ်သည်။ “အများ သဘောတူဆန္ဒ”နှင့် ပတ်သက်သော ဥပမာများစွာတို့တွင် နိုင်ငံတစ်ခုအဖြစ် လူများကို အုပ်ချုပ်ပုံ၊ အစိုးရ၏ လူမှုဖူလုံရေးအထောက်အပ့ံနှင့် ပတ်သက်သော အများဆန္ဒ၊ မည်သူက နိုင်ငံအကြီးအကဲလုပ်၍ မည်သို့သော အာဏာများဖြင့် အုပ်ချုပ်မည်ဟူသည့်အချက်များ ပါဝင်သည်။ တတိယစရိုက်လက္ခဏာရပ်မှာ “တစ်ပြေးညီတည်း ဖြစ်မှု” ဖြစ်သည်။

ဥပမာအားဖြင့်ကြည့်လျှင် ဂျပန်နိုင်ငံ၏ ဒီမိုကရေစီစနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီမိုကရေစီဖြစ်သည်။ ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်အာဏာပိုင်များက ရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ဂျပန်တွင် အမေရိကထက် ဆက်ဆံရေးကောင်းမွန်မှုနှင့် အဆင်ပြေညီညွတ်မှုက ပို၍အရေးကြီးသည်ဟု ယူဆကြသည်။ မိသားစုအတွင်းနှင့် နိုင်ငံရေးအတွင်း ထက်အောက်အဆင့်ဆင့် တည်ရှိမှုသဘောတရားသည် ဂျပန်နိုင်ငံ၏ ဓလေ့ထုံးတမ်းအတွင်း၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ မိသားစုအတွင်းရှိ ကြီးသူများနှင့်လည်းကောင်း၊ ခေါင်းဆောင်များနှင့်လည်းကောင်း ဆက်ဆံမှုကို ကြည့်ပါက ဂျပန်နိုင်ငံသားများသည် အမေရိကန်နိုင်ငံ သားများထက်သက်ဆိုင်ရာ အာဏာပိုင်များကို ပို၍လေးစားမှုရှိကြောင်း ပြသနေသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံအမျိုးမျိုး၌ ကွဲပြားခြားနားသော နိုင်ငံရေးအစဉ်အလာ အမျိုးမျိုးရှိကြပြီး ယင်းတို့ကို လေ့လာခြင်းဖြင့် အစိုးရအဖွဲ့အသီးသီးကို သက်ဆိုင်ရာနည်းလမ်းတစ်ရပ်ရပ်ဖြင့် ဖွဲ့စည်းထားပုံ၊ ဒီမိုကရေစီစနစ် ကျင့်သုံးမှုများ အဘယ့်ကြောင့် အောင်မြင်ရပုံ သို့မဟုတ် ကျရှုံးရပုံနှင့် နိုင်ငံအချို့တွင် ဘုရင်စနစ်များ အဘယ့်ကြောင့် ယနေ့အထိ ဆက်ရှိနေပုံတို့ကို နားလည်နိုင်ရန် အထောက်အကူပြုပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၁၂ ရက် ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

Most Read

Most Recent