နစက၏ NSPNC နှင့် MNDAA၊ TNLA၊ AA အဖွဲ့မှ တာဝန်ရှိသူများ နိုင်ငံရေးအရ ဖြေရှင်းရန် တွေ့ဆုံဆွေးနွေး

နစက၏ NSPNC နှင့် MNDAA၊ TNLA၊ AA အဖွဲ့မှ တာဝန်ရှိသူများ နိုင်ငံရေးအရ ဖြေရှင်းရန် တွေ့ဆုံဆွေးနွေး
Published 11 December 2023



တရုတ်နိုင်ငံ၏ အကူအညီဖြင့် နစက၏ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် MNDAA၊ TNLA၊ AA အဖွဲ့မှ တာဝန်ရှိသူများသည် နိုင်ငံရေးအရ ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တာဝန်ရှိတဲ့သူတွေနဲ့ MNDAA၊ TNLA၊ AA အဖွဲ့က တာဝန်ရှိတဲ့လူတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုအပေါ်မှာမူတည်ပြီး မူတည်ပြီး ဒီလကုန်ခန့်မှာလည်း ထပ်မံဆွေးနွေးသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ်” ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယနေ့(ဒီဇင်ဘာ ၁၁ ရက်)တွင် ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခများနှင်ပတ်သက်၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပပြီး အပြုသဘောဆောင်သည့် ရလဒ်များ ရရှိသည်ကို တွေ့ရသည့်အတွက် ဝမ်းသာမိကြောင်းနှင့် ဆွေးနွေးပွဲများကို ပံ့ပိုးကူညီမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူMao Ning's က ပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့ ဒီဇင်ဘာ ၆ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီ မြန်မာနိုင်ငံမြောက်ပိုင်းဒေသအခြေအနေတည်ငြိမ်းရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံမှုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်-မြန်မာ နှစ်နိုင်ငံသည် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်ပြီး အစဉ်အလာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်ရှိကာ အမြဲတစေ အပြန်အလှန် ထောက်ခံအားပေးယုံကြည်ကြောင်း၊ မြန်မာနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်တွင် ပြည်တွင်းပြန်လည်သင့်မြတ်ရေး အမြန်ဆုံးဖော်ဆောင်ပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်ကို ဆက်လက်ဖော်ဆောင်ရန် တရုတ်နိုင်ငံကမျှော်လင့်ပါကြောင်း၊ တရုတ်နိုင်ငံက မည်သည့်အခါမျှ မြန်မာနိုင်ငံပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံက တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ကိုင်စွဲထားခြင်းအား ချီးကျူးပါကြောင်း၊ မြန်မာနိုင်ငံက အမြဲတစေ “ထိုင်ဝမ်လွတ်လပ်ရေး” လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်၍ တရုတ်နိုင်ငံပြန်လည်ပေါင်းစည်းရေးလုပ်ငန်းအား ထောက်ခံအားပေးမည်ဟု ယုံကြည်ကြောင်း၊ တရုတ်သမ္မတရှီကျင့်ဖျင်အဆိုပြုသော  ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံများအား မြန်မာနိုင်ငံကအစောဆုံးထောက်ခံအားပေးမှုကို တရုတ်နိုင်ငံက ချီူးကျူးပါကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ တရုတ်ပုံစံခေတ်မီမှုအတွေ့အကြုံများမျှဝေကာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုကို တက်တက်ကြွကြွဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင်လတ်တလောတွင် တရုတ်-မြန်မာပူးပေါင်း၍ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ဆက်သွယ်ရေးလိမ်လည်မှုများတိုက်ဖျက်ရေးနှင့် ပိတ်မိနေသူတွေကို ကယ်ဆယ်ရာတွင် ကောင်းမွန်သည့်ရလဒ်များ ရရှိခဲ့ပြီး ရာဇဝတ်အဖွဲ့အစည်းများကို ထိရောက်စွာ ဟန့်တားလိုက်နိုင်ကြောင်း၊ နှစ်ဦးနှစ်ဖက်သည် တရားဥပဒေစိုးမိုးရေးလုံခြုံမှု ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများကို အမြတ်ပြတ်ချေမှုန်းရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

ထို့အတူ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ဆွေးနွေးရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးကြီးဆုံးအိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်ရန် လွန်စွာအလေးထား၍ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးရလဒ်များကို လေးစားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နယ်ပယ်စုံတွင် နက်ရှိုင်းစွာပေါင်းဆောင်ရွက်ကာ မြန်မာ-တရုတ် အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွ တည်‌ဆောက်သွားလိုကြောင်း၊ တရုတ်နိုင်ငံက “Belt and Road” မူဘောင်အောက်တွင် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများမျှဝေပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းညှိနှိုင်းမှုကို အရှိန်မြှင့်လုပ်ဆောင်ကာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုကို တက်တက်ကြွကြွဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံပြည်တွင်း၌ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှကူညီမှုများဆက်လက်ရရှိကာ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်သွားရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆက်သွယ်ရေးလိမ်လည်မှုစသည့် နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးမှုများကို ပြတ်ပြတ်သားသား တိုက်ဖျက်သွားမည်ဖြစ်ပြီး ၎င်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံနှင့်အတူ ဘက်စုံညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent