ချင်းမိုင်မြို့တွင် အကျဉ်းကျနေသည့် မြန်မာအကျဉ်းသူများကို မြန်မာကောင်စစ်ဝန်ချုပ်က သွားရောက်တွေ့ဆုံပြီး အကျဉ်းသူများ လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များရရှိရေး ထိုင်းတာဝန်ရှိသူများနှင့် ဆွေးနွေး

ချင်းမိုင်မြို့တွင် အကျဉ်းကျနေသည့် မြန်မာအကျဉ်းသူများကို မြန်မာကောင်စစ်ဝန်ချုပ်က သွားရောက်တွေ့ဆုံပြီး အကျဉ်းသူများ လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များရရှိရေး ထိုင်းတာဝန်ရှိသူများနှင့် ဆွေးနွေး
Published 8 December 2023

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်း (Women Correctional Institute) တွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသားအကျဉ်းသူများကို မြန်မာကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းက ဒီဇင်ဘာ ၇ ရက်တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်စဉ် မြန်မာကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ထိုင်းနိုင်ငံဘက်မှ ညွှန်ကြားရေးမှူး Mrs.Sununta Kongpakpian နှင့်တွေ့ဆုံခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူများ သင့်လျော်သည့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး၊ မြန်မာနိုင်ငံရှိမိဘဆွေမျိုးများနှင့် ဆက်သွယ်ခွင့်ရရှိရေးအပါအဝင် ကောင်စစ်ရေးရာ ဆက်သွယ်ဆောင်ရွက်ခွင့်ရရှိရေး၊ လူသားချင်းစာနာထောက်ထားမှုရရှိရေး၊ လူမှုဖူလုံရေးနှင့် သက်သာချောင်ချိရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်က အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူ ၄၀ ဦးနှင့် ထိုင်းအကျဉ်းသူ ၃၀ ဦးတို့အား တွေ့ဆုံကာ စိတ်ပိုင်းဆိုင်ရာ အားပေးစကား များပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာအသိုက်အဝန်းမှ ပရဟိတအသင်းတို့ပူးပေါင်း၍ ထောက်ပံ့လှူဒါန်းသော တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းများနှင့် အသင့်စားအစားအစာများကို ထောက်ပံ့ပေးခြင်း၊ နေ့လယ်စာထမင်းဘူးများ လှူဒါန်းခြင်းနှင့် အကျဉ်းကျခံနေစဉ်မီးဖွားခဲ့သည့်မိခင်များနှင့် ကလေးများအတွက် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်း၍ ပြုပြင်ထိန်းသိမ်းရေးစခန်းမှ အကျဉ်းသူများ ပြုလုပ်ရောင်းချသော လက်မှုပစ္စည်းများကို ဝယ်ယူအားပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

Most Read

Most Recent