တရုတ်နိုင်ငံတွင် ကျင်းပသည့် ရှစ်ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ ပူးတွဲဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက် ဆွေးနွေး

တရုတ်နိုင်ငံတွင် ကျင်းပသည့် ရှစ်ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ ပူးတွဲဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက် ဆွေးနွေး
Published 7 December 2023

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗြူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့(ဒီဇင်ဘာ ၇ ရက်)တွင် တရုတ်နိုင်ငံပေကျင်းမြို့ ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပပြုလုပ်သည့် (၈) ကြိမ်မြောက်မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာဆုပ်ချန်ဒါ ဆိုဖီအာ၊ လာအိုနိုင်ငံ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီဝင်နှင့် လာအိုပြည်သူ့တော်လှန်ရေးပါတီ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ မစ္စတာသောန်ဆာဗန် ဖုန်ဗီဟန်၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာပန်ပရီဘာဟီဒါ နူကာရာနှင့် ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗွီသန်းစွန်းတို့ တက်ရောက်ကြကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးများသည် အစည်းအဝေး၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုနှင့် အလားအလာများကို ပြန်လည်သုံးသပ်ကြပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ် အစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။

(၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများမှ ပူးတွဲသတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး အစည်းအဝေးရလဒ်များအပေါ် ရှင်းလင်းပြောကြားခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဖြစ်ပြီး၊ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ပိုမိုရှင်သန်ခိုင်မာစေရေးဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်ပြီး မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာအား အထောက်အကူပြုနိုင်စေရန်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ စီမံကိန်း(၁၀၆)ခု အတွက် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်းကို မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent