မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပေကျင်းတွင် တွေ့ဆုံပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ မီးရထားလမ်း ဖောက်လုပ်ရေး အပါအဝင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပေကျင်းတွင် တွေ့ဆုံပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ မီးရထားလမ်း ဖောက်လုပ်ရေး အပါအဝင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး ဆွေးနွေး
Published 6 December 2023

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပသည့် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးများ ကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ယနေ့(ဒီဇင်ဘာ ၆ ရက်)တွင် ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန်းဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံစဉ် အစဉ်အလာအရ တည်ရှိပြီးဖြစ်သည့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအား ပိုမိုခိုင်မာစေရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအောက်မှ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ မီးရထားလမ်းဖောက်လုပ်ရေးနှင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးကွန်ရက် တည်ထောင်ရေးအပါအဝင် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းသွားရေးအပြင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများ အမြစ်ပြတ် တိုက်ဖျက်သွားရေးအတွက် နှစ်ဖက်တရားဥပဒေစိုးမိုးရေး အဖွဲ့များအကြား ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်စေနိုင်သည့်  သတင်းအမှားများကို ဟန့်တားထိန်းချုပ်သွားနိုင်ရန် မီဒီယာကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်သွားရေးနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံပြည်သူများအကြား ယုံကြည်မှု၊ နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်အား မြန်မာနိုင်ငံသို့ သင့်လျော်မည့်အချိန်တွင် ပ ဉ္စမအကြိမ်မြောက် ပင့်ဆောင်သွားနိုင်ရန်အတွက် နှစ်ဖက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့အပေါ် အစဉ်လေးစားမှုနှင့် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မပြုခြင်းနှင့် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ရွေးချယ်မှုတို့အပေါ် ထောက်ခံလျက်ရှိသည့် တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent