မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ VeVe ကုမ္ပဏီရှေ့တွင် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက ခြောက်ဘီးယာဉ်မှ ဆိုင်ကယ်တစ်စီးအား ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူဆရာဝန်တစ်ဦး သေဆုံးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ဖြစ်စဉ်မှာ မော်လမြိုင်မြို့ ကျိုက္ခမီလမ်းမကြီးနှင့် တက္ကသိုလ်ပတ်လမ်းထောင့်ထိပ်ရှိ VeVe အချိုရည်ကုမ္မဏီဝင်းအတွင်းမှ ထွက်လာသော ၁၂ ဘီးကုန်တင်ယာဉ်ကို ရပ်စောင့်နေသည့် ဆိုင်ကယ်ကို ခြောက်ဘီးယာဉ်မှ ဘရိတ်ပေါက်ကာ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဥိးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “အရှေ့မှာ ကားကြီးရှိနေလို့ ရပ်နေတာကို နောက်ကနေ ဝင်တိုက်တော့ ကားနှစ်စီးကြားမှာ ညှပ်လိုက်သလို ဖြစ်သွားတာပါ” ဟု ပြောကြားသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် ဆရာဝန်ဖြစ်သူ အမျိုးသားမှာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ခြောက်ဘီးယာဉ်၏ ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ မြေပြင်ကုသမှုပေးခဲ့ပြီး မော်လမြိုင် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။