၁၀ ဧကမှ ဧက ၅၀ အတွင်း ပိုင်ဆိုင်သည့်တောင်သူများကို တစ်ဧကလျှင် ကျပ်လေးသိန်းအထိ စိုက်ပျိုးစရိတ်ချေးငွေများ ပေးနိုင်ရန် စီစဉ်လျက်ရှိ

၁၀ ဧကမှ ဧက ၅၀ အတွင်း ပိုင်ဆိုင်သည့်တောင်သူများကို တစ်ဧကလျှင် ကျပ်လေးသိန်းအထိ စိုက်ပျိုးစရိတ်ချေးငွေများ ပေးနိုင်ရန် စီစဉ်လျက်ရှိ
တောင်ငူခရိုင်အတွင်းမှ တောင်သူများ နွေစပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေသည်ကို ၂၀၂၁ ခုနှစ်က တွေ့ရစဉ်(ဓာတ်ပုံ-ဇော်ဝင်းချစ်)
တောင်ငူခရိုင်အတွင်းမှ တောင်သူများ နွေစပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေသည်ကို ၂၀၂၁ ခုနှစ်က တွေ့ရစဉ်(ဓာတ်ပုံ-ဇော်ဝင်းချစ်)
Published 27 November 2023

၁၀ ဧကမှ ဧက ၅၀ အတွင်း ပိုင်ဆိုင်သည့်တောင်သူကြီးများအတွက် တစ်ဧကလျှင် ကျပ်လေးသိန်းအထိ စိုက်ပျိုးစရိတ်ချေးငွေများကို ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ချေးငွေထုတ်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

“Big Farmer နဲ့ပတ်သက်ရင် အခုလာမယ့် နွေစပါးရာသီမှာ ဧကတစ်သိန်း စတင်ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေမှာ တောင်သူ လယ်သမားကြီးစာရင်းတွေယူထားတာရှိပါတယ်။ အဲဒါတွေကို စိစစ်ပြီး ဧကတစ်သိန်းကို အခုလာမယ့်နွေစပါးရာသီက စတင်ပြီးတော့ တစ်ဧကကို လေးသိန်းနှုန်းနဲ့ စိုက်ပျိုးစရိတ်ချေးငွေ ပေးနိုင်တဲ့အနေအထားဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဦးရဲမင်းအောင်က ပြောကြားခဲ့သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်အရင်းအနှီးများရရှိစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိသည်။

“အခုက Pilot Project အနေနဲ့ စမ်းပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်။ တကယ်တမ်းပြောရရင် အစိုးရဘက်က စိုက်ဘဏ်ကနေပေးတဲ့ တစ်သိန်းခွဲက ၁၀ ဧကအထိပဲရတာ။ Big Farmer တွေကလည်း ၁၀ ဧက အထိပဲ ချေးငွေရတယ်။ တချို့လည်း နာမည်တွေခွဲပြီးလုပ်ကြတာပေါ့နော်။ ဒါပေမဲ့ ဘယ်လိုပဲပြောပြော ပုံစံ(၇)ကို နံမယ်မခွဲနိုင်တဲ့ လူတွေလည်းရှိပါတယ်။ ကျွန်တော်တို့ကတော့  တစ်ဧကကို လေးသိန်းလောက် စိုက်ပျိုးစရိတ် ချေးငွေပေးဖို့ ပြင်ဆင်နေတဲ့အနေအထားဖြစ်ပါတယ်။ အဲဒီအတွက် တစ်ဧကအထွက် နှုန်းတိုးအောင် သဘာဝမြေသြဇာတို့၊ ဓာတ်မြေသြဇာတို့ မျှတစွာသုံးနိုင်မယ်။ ကောင်းတဲ့ မျိုးတွေ ရှာဖွေပြီးတော့ စိုက်နိုင်မယ်။ ထွက်လာတဲ့သီးနှံကိုလည်း နီးစပ်ရာစက်ပိုင်တွေ ကုန်သည်တွေနဲ့ ပြန်ရောင်းနိုင်မဲ့အစီအစဉ်မျိုးကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးမယ်။  ဒါတွေစီစဉ်ထားပါတယ်”ဟု ဦးရဲမင်းအောင်က ဆိုသည်။

ထို့ပြင် တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှင့်ညီမျှသည့် သွင်းအားစုများ ထောက်ပံ့ပေးမှုအစီအစဉ်များကို စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။

“တစ်ဖက်ကလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးပေါ့နော်၊Contract Farming  ပုံစံမျိုး၊ စိုက်ပျိုးရေးကလုပ်နေတဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးကလည်း နှစ်သိန်းဖိုးသွင်းအားစုပေးပါတယ်။ နှစ်သိန်းဖိုး သွင်းအားစုက တော င်သူလယ်သမားကို အတိုးမဲ့ပေးတာဖြစ်ပါတယ်။ ဒါလည်း ဧက ငါးသိန်း၊ခြောက်သိန်း လောက်လုပ်နိုင်တဲ့အနေအထားရှိပါတယ်”ဟု ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးဆောင်ကာ ဆောင်ရွက်မည့်တစ်ဧကလျှင် ကျပ်လေးသိန်းအထိ စိုက်ပျိုးစရိတ်ချေးငွေများကို ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ချေးငွေထုတ်ပေးမှုအား အကြမ်းဖျင်းအားဖြင့် ဧက ၅၀ အထိ  တောင်သူများကို ချေးငွေပေးသွားမည်ဖြစ်ကာ တောင်သူလယ်သမားကို ရည်ရွယ်ခြင်းဖြစ်သဖြင့် တောင်သူများကိုသာ တိုက်ရိုက်ပေးသွားမည်ဟု သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လယ်ယာလုပ်ငန်းသုံးထွန်စက်ကြီး၊ ရိတ်သိမ်းချွေလှေ့စက်၊ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်သည့်စက်များဝယ်ယူရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့အတွက် အရင်းအနှီးလို အပ်ချက်ရှိသူတောင်သူများသို့ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများကို တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent