Photo - MFSD
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် နိုဝင်ဘာ ၂၆ ရက်၊ နံနက် (၅) နာရီ (၄၅) မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာမှ တစ်ဦးသေဆုံးကာ၊ (၁၃) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာအနီး၊ ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၇၆/၅) နှင့် (၇၆/၆) ကြားတွင် ကျိုက်ထိုမြို့ဘက်မှ ဝေါမြို့ဘက်သို့ မောင်းနှင်လာသော FORLAND အမျိုးအစား (အပြာရောင်) ၆ - ဘီးယာဉ်မှာ ကားလမ်းမပေါ်တွင် စက်သပ်ရပ်နားထားစဉ် လားရာတူ ကျိုက်ထိုမြို့ဘက်မှ ဝေါမြို့ဘက်သို့ မောင်းနှင်လာသည့် FUSO - 70 (အဖြူရောင်) ၁၈ - ဘီး တွဲယာဉ်သည် မောင်းနှင်၍ ကျော်တက်စဉ်အရှိန်မထိန်းနိုင်ဘဲ FORLAND ယာဉ်နောက်ပိုင်းအား တိုက်မိပြီး တစ်ဖက်ယာဉ်ကြောရှိ ဝေါမြို့မှ ကျိုက်ထိုမြို့ဘက်သို့ မောင်းနှင်လာသည့် SCANIA (ဖြူ/ဝါကြားရောင်) ခရီးသည်တင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် FUSO - 70 ယာဉ်မှ ယာဉ်မောင်းအမျိုးသား တစ် ဦး သေဆုံးခဲ့ပြီး၊ SCANIA ခရီးသည်တင်ယာဉ်မှ အမျိုးသမီး ကိုး ဦးနှင့် အမျိုးသား လေး ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
"ခရီးသည်တင်ယာဉ်ပေါ်က အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသား နှစ်ဦးလည်း ဒဏ်ရာပြင်းထန်ရရှိထားပါတယ်" ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။
ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအားဝေါမြို့နယ်ပရဟိတအသင်းနှင့် ဖြူစင်မေတ္တာပရဟိတအသင်းတို့မှ လူနာတင်ယာဉ်များဖြင့် ဝေါမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ထားကြောင်း သိရသည်။